Thursday, August 31, 2017

ပဲမျိုးစုံဈေးကွက်အလားအလာနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းညှိနှိုင်း

နေပြည်တော် သြဂုတ် ၃၀
လာမည့် ပဲစင်းငုံသီးနှံပေါ်ချိန်တွင် တောင်သူများ ထိခိုက်မှုမရှိအောင် ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပဲနှမ်းကုန်သည်များအသင်း၊ UMFCCI တို့ပူးပေါင်း၍ လှည့်ပတ်ရံပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ရေး စီစဉ်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

ဆက်လက်၍ မတ်ပဲသီးနှံအစား အခြားတွက်ခြေကိုက်မည့် သီးနှံများပြောင်းလဲ စိုက်ပျိုးရေးအတွက် လိုအပ်သော နည်းပညာပေး လုပ်ငန်းများနှင့် မျိုးရရှိရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခြင်း လုပ်ငန်းများပြင် ၊ ရေတိုရေရှည် လုပ်ငန်းစီမံချက်များ မူဝါဒများချမှတ်ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပဲမျိုးစုံ ဈေးကွက်အလားအလာနှင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံမှ ယခုနှစ် သြဂုတ်လဆန်းပိုင်း၌ ပဲစင်းငုံတန်ချိန် (၂) သိန်းနှင့် ပဲတီစိမ်းနှင့်မတ်ပဲတန်ချိန် (၃)သိန်းသာ တင်သွင်းခွင့်ပြုမည့် အရေအတွက် ကန့်သတ်သည့်သွင်းကုန်မူဝါဒ ပြောင်းလဲထုတ်ပြန်ခဲ့သဖြင့် မြန်မာ နိုင်ငံ၏ ပဲကုန်သည်များ လက်ဝယ်တွင် ပဲလက်ကျန်များရှိနေခြင်းကြောင့် တွေ့ကြုံရသော အခက်အခဲနှင့် အခြေအနေ များကိုလည်းကောင်း၊ ဆောင်းရာသီ မတ်ပဲစိုက်ပျိုးချိန်တွင် မတ်ပဲအစား အခြားသီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ မြန်မာ့ပဲဈေးကွက် အလားအလာများနှင့် ရေရှည်အတွက် စီမံ ဆောင်ရွက်သင့်သည်များကို ပဲနှမ်းကုန်သည်ကြီးများ အသင်းနှင့် UMFCCI မှ တာဝန်ရှိသူများအနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဥပဒေနည်းဥပဒေများနှင့်အညီ ပူးပေါင်းကူညီ ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment