Thursday, August 31, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

နေပြည်တော် သြဂုတ် ၃၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄) ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ ပြည်တွင်း၌ စိုက်ပျိုးရေး လုပ်ကိုင်နေကြသော တောင်သူ လယ်သမားများအား ကမ္ဘာ့နိုင်ငံများ၌ အသုံးတွင်ကျယ်နေပြီး ဈေးကောင်းလည်းရသော အော်ဂဲနစ် စိုက်ပျိုးရေး နည်းပညာများ စနစ်တကျ တိုးတက်အောင်မြင်လာရေး ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော် က နိုင်ငံတကာတွင် အော်ဂဲနစ်စိုက်ပျိုးခြင်းမှ ထွက်ရှိသော သီးနှံများ၏ ဈေးနှုန်းသည် ပုံမှန်စိုက်ပျိုးထုတ်လုပ်သော သီးနှံဈေးနှုန်းထက် (၂) ဆမှ (၅) ဆခန့် ပိုမိုရရှိ သော်လည်း အမှန်စိုက်ပျိုးထုတ်လုပ်သုံးစွဲမှုပမာဏမှာ ရာခိုင်နှုန်းအနည်းငယ် သာရှိ သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အတူ ပြည်တွင်းဈေးကွက်တွင်လည်း အော်ဂဲနစ်သီးနှံ၏ ဈေးနှုန်းသည် ပုံမှန်စိုက်ပျိုး ထုတ်လုပ်သော သီးနှံဈေးနှုန်းနှင့် သိသိသာသာ ကွာခြားမှုမရှိသေးသည့် အခြေအနေဖြစ်နေပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးအခြေခံကောင်းများရရှိစေရန် စိုက်ပျိုးရေးဦးစီး ဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (CARTC) တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီး သီးရှိ စိုက်ပျိုးပညာပေးရေးဝန်ထမ်းများအား အော်ဂဲနစ်စိုက်ပျိုးရေးသင်တန်းများ ဖွင့် လှစ်သင်ကြားပေးခြင်း၊ အခြားနည်းပညာသင်တန်းများတွင်လည်း အော်ဂဲနစ်စိုက်ပျိုး ရေးနည်းပညာ၊ သဘာဝ မြေသြဇာပြုလုပ်သုံးစွဲသည့်နည်းပညာများကို စာတွေ့၊ လက်တွေ့  သင်ကြားပို့ချခြင်းနှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ တစ်ဆင့် နည်းပညာများ ပြန့်ပွားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန တွင် ဓာတုဆေးလွတ် အော်ဂဲနစ် စံပြစိုက်ခင်းများ စိုက်ပျိုး၍ တောင်သူများအား လက်တွေ့ပြသပေးခြင်း၊ သဘာဝ မြေသြဇာများ၊ ရွက်ဖျန်း မြေသြဇာများ၊ တီကောင်စွန့်ပစ်မြေသြဇာများ စသည့်အော်ဂဲနစ်မြေသြဇာများအား လက်တွေ့ပြုလုပ်ပညာပေးခြင်း၊ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အော်ဂဲနစ်မြေသြဇာများ၏ သီးနှံများအပေါ် အကျိုးသက်ရောက်မှုများကို သုတေသနပြု ဆောင်ရွက် လျက်ရှိပြီး တောင်သူများ အား နည်းပညာများ ဖြန့်ဝေပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်း စနစ်ဖြင့် နှစ်ပေါင်းများစွာ တောင်ယာစိုက်ပျိုးသူများကို ၎င်းတို့၏ ဆင်းရဲတွင်းမှ လွတ်မြောက်ရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရန်၊ လယ်ယာမြေ ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်ရန်၊ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးခြင်းစနစ်အား အစားထိုးရန်အတွက် ခိုင်မာ ကျစ်လစ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံကိန်းများ လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ဒုတိယကာလတို (၅) နှစ် လယ်ယာကဏ္ဍမူဝါဒ (၁၀) ရပ်ကို ချမှတ်ဆောင်ရွက်ရာတွင် မြေယာအသုံးချမှုနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာမူဝါဒနှင့် စပ်လျဉ်း သည် လုပ်ငန်းစဉ် (၁၂) ရပ်ရှိပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှု၊ နည်းပညာနှင့် စက်ယန္တ ရားများ ပါဝင်ကူညီဖြည့်ဆည်းမှုများဖြင့် ပူးပေါင်းအကူအညီပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရသစ်ကာလအတွင်း ပြည်နယ် (၃) ခုတွင်၂၀၁၆-၂၀၁၇ ခုနှစ် အတွင်း ကုန်းမြင့်လယ်ယာမြေ ဧက (၁၆၅၀)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် (၁၃၄၈) ဧက တို့ကို ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၏ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ် (Sustainable Agriculture) ဖြစ်တည်ရန် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ခြင်း နည်းစနစ်တို့ကို ယှဉ်တွဲဖော်ဆောင်၍ စီးပွားရေးတွက်ချေကိုက်ပြီး တောင်သူ အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်သော နည်းစနစ်တို့ကို ပညာပေး ဆောင်ရွက်လျက်ရှိပြီး တောင်သူများလိုက်ပါဆောင်ရွက်မှု တိုးတက်လာစေရေး အတွက် အစီအမံများချမှတ်ပြီး စည်းရုံးပညာပေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့နောက် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်းနှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၂၀၁၇ခုနှစ် မေလ ၁၈ ရက်က စတင်ကျင်းပခဲ့သည့် ပဉ္စမပုံမှန် အစည်းအဝေးသည် ယနေ့တွင် ၅၄ရက်မြောက် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၃၁၀ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၇၂၉ ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အရေးကြီးအဆို ၂ခု အပါအ၀င် အဆို ၂၃ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို ၁၁ ခုနှင့်မှတ်တမ်းတင် အဆို ၁၂ခု တို့ ဖြစ်ကြပါကြောင်း၊ ဥပဒေကြမ်းများအနေဖြင့် ဆွေးနွေး ဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၃၃ခုရှိပြီး ဥပဒေကြမ်း ၁၆ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၇ခု ကျန်ရှိပါကြောင်း။
ယခုအစည်းအဝေး ကာလအတွင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ကတိသစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ ၁၉ခု၏ နှစ်ပတ်လည် အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့ လွှတ်တော်၊ တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ၏ သက်တမ်းတိုးမြှင့်ခြင်းနှင့် ပြည်သူ့လွှတ်တော်၊ တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ၏ တာဝန်များအား ပြင်ဆင်သတ်မှတ်ခြင်းများကို ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ ထို့ပြင် တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ၂ဦးကို ကော်မတီ အဖွဲ့ဝင် ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဦးကို ကော်မတီအဖွဲ့ဝင်အဖြစ် အစားထိုး တာဝန်ပေးအပ်ခြင်းနှင့် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၅ဦးကို လေ့လာသူများအဖြစ် အစားထိုး တာဝန်ပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် ဥပဒေပြုရေးတာဝန်များ ဆောင်ရွက်သည့်အခါတွင် မိမိတို့ အတည်ပြုပြဋ္ဌာန်းလိုက် သည့် ဥပဒေများသည် ပြည်သူလူထုကို အကာအကွယ် မပေးနိုင်သည့် ဥပဒေများ ဖြစ်နေပါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို နှောင့်နှေးစေနိုင်သည်ကို အထူးသတိ ပြုကြရမည်ဖြစ်ပါကြောင်း၊ တင်းကြပ်သည့် ဥပဒေများသည် ပြင်းထန်သည့် အုပ်ချုပ်မှု ပုံစံ (Extremism) နှင့် ဥပဒေအရ အုပ်ချုပ်ခြင်းပုံစံ (By the Law) များကို ဦးတည်သွား စေနိုင်ပါကြောင်း၊ ယင်းသို့အဖြစ်မျိုးများကို ရှောင်ရှားပြီး ဥပဒေဆိုသည်မှာ ဖိနှိပ်ချုပ် ချယ်ရေးအတွက် မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက် နိုင်မှသာ လူထုအကျိုးပြု ဥပဒေများအဖြစ် ပြည်သူက အားကိုးယုံကြည်လာ ကြမည်ဖြစ်ပါကြောင်း၊ ထို့အတူ လွှတ်တော်၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် (Check and Balance) ကိစ္စ နှင့် ပတ်သက်ပြီး လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုယ်စားလှယ်များ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ရနေသည်ကို ကိုယ်တိုင်မြင်တွေ့ကြား သိကြပြီး ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များ၊ စည်းကမ်းချက်များနှင့် မညီညွတ်သည့် မေးခွန်းများ၊ အဆိုများကို သာ လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာအတွက် ပြန်လည် ပြင်ဆင်တည့်မတ်ပေးခြင်း အနည်းငယ်သာရှိသည်ကို ပွင့်လင်းစွာ အသိပေးပြောကြားလိုပါကြောင်း။
အစည်းအဝေးရပ်နားထားစဉ် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံသည့် အခါတွင် ဒီမိုကရေစီကျင့်စဉ်များ နှင့်အညီ ပြုမှုဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ပြည်သူလူထုက ယုံကြည်အားကိုး လေးစား တန်ဖိုးထားရသူများအဖြစ် ပြုမှုပြောဆို ဆက်ဆံနေထိုင်သွားကြရန် အထူးမှာ ကြားလိုပါကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်ပုဂ္ဂိုလ်၊ အာဏာပိုင်အဖွဲ့အစည်းက အလေးထားအပ်သူများအဖြစ် ကျင့်ကြံလုပ်ကိုင်ကြရန် အရေးကြီးပါကြောင်း၊ မိမိတို့သည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော် ဆောင်နေသူ များပီပီ ပြည်သူ လူထုကို လည်း ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများကို လေးစား လိုက်နာကြစေရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်သူလူထု တစ်ရပ် လုံးပူးပေါင်းပါဝင်သည့် (All Inclusive Democracy) ဖြစ်လာရေး မိမိတို့အားလုံး ၀ိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ပေးကြရန် မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  ဥပဒေပြုရေးတာဝန်များကို တာဝန် သိသိ၊ သစ္စာရှိရှိနှင့် ဆက်လက်ထမ်းဆောင်နိုင်ကြရန် လိုအပ်သကဲ့သို့ မိမိကိုယ်ကို အမြဲမပြတ် စွမ်းရည်မြှင့်တင် ဆောင်ရွက်နိုင်ရန်လည်း ကြိုးစားပေးကြပါ။ ပြည်သူလူထုနှင့် ကင်းကွာမနေဘဲ ပြည်သူ့ကြားက ပြည်သူ့ကိုယ်စား လှယ်များ အဖြစ် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံဆောင်ရွက်ပေးကြပါ။ ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းများကိုလည်း ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးကြပါ။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ၏ လုပ်ငန်းများကို လည်းစေ့စေ့စပ်စပ် ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တော် တည်ဆောက်ရေး ပြည်သူအားလုံးပူးပေါင်းပါဝင်သည့် (Public Democratic Participation) ဖော်ဆောင်ရေးကို ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပါ။ ဒီမိုကရေစီကို တစ်နည်းနည်းဖြင့် နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ် ကိုလည်း မျက်ခြေမပြတ် သတိပြု ကာကွယ်ပေးကြပါ။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလမ်းကြောင်းမှ သွေဖယ် သွားနိုင်အောင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ပျက်ပြားစေနိုင်သည့် အကြမ်းဖက်မှု အန္တရာယ်များ ကိုလည်း သတိတရားလက်ကိုင်ထားပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စုပေါင်းတားဆီးဖယ်ရှားပေးကြပါဟု ပြောကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၅၄) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး  အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာသည်။

အောင်ရဲသွင်၊ မီမီဖြိုး

No comments:

Post a Comment