Wednesday, August 2, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ့ကျင်းပ


နေပြည်တော် သြဂုတ် ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေ ကျပ်သိန်းပေါင်း ၃၅၀၀ ဖြင့် တည်ဆောက်ခဲ့သော ပခုက္ကူမြို့နယ် ကျွန်းညိုကြီး - ကျပ်တန်းကုန်း ကျေးရွာ ကမ်းပြို ကာကွယ်ရေး တည်ဆောက်ခြင်း လုပ်ငန်းသည် လုပ်ငန်းအပ်ပြီး ရက်ပိုင်းအတွင်း ကမ်းပြိုပျက်စီးခဲ့ရခြင်း အကြောင်း အရင်းကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပခုက္ကူမြို့နယ် ကျွန်းညိုကြီး ကျေးရွာ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ အတွက် စီမံချက်ရေးဆွဲရာတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထုတ်ပြန် ထားသော အခြေခံ စံနှုန်းတွက်ချက်မှုများ ဖြင့် တွက်ချက်ပြီး လုပ်ငန်းသုံးပစ္စည်းများကို မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတ်မှတ်ထား သော ဒေသပေါက်ဈေးနှုန်းများ အတိုင်း အိတ်ဖွင့်တင်ဒါဖြင့် ၀ယ်ယူခဲ့ပြီး လုပ်ငန်းစီမံချက် များအား ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ စိစစ် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း။
လက်ရှိကမ်းပြိုမှု အခြေအနေမှာ အများဆုံး ၂၅ ပေခန့် ကမ်းပါးနောက်သို့ ပြိုကျခဲ့ပြီး ကျေးရွာ လူနေ အိမ်များနှင့် ပေ ၁၀၀ ခန့် ကွာဝေးပါကြောင်း၊ ဧရာဝတီမြစ်ရေ မြင့်တက်လာသည့် အတွက် ရေစား ကမ်းပြိုမှုအား အရေးပေါ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများဖြစ်သော Floating Structure ၁၁၅ ခု ချထား ပေးခြင်း၊ အလေးဝန်ဆွဲသစ်ကိုင်းများ ကမ်းပါးတစ်လျှောက် ချထားပေး ခြင်း၊ Steel Cable Groyne စုစုပေါင်း ၁၈ ခုနှင့် ကမ်းပါးတစ်လျှောက် Slope ဖြေ၍ Polyfelt များ ခင်းပြီး မျောတိုင်များရိုက်ကာ သဲအိတ် များဖြင့် ဖိပေးခြင်း စသည့်လုပ်ငန်းများအား ဆောင်ရွက် ထားပါကြောင်း၊ ထိုသို့ အရေးပေါ်ကမ်းပြို ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားသည့် အတွက် မြစ်ရေကျချိန် ကွင်းဆင်းတွေ့ရှိချက်အရ ရေတိုက် စားကမ်းပြိုမှု ဆက်လက်ဖြစ်ပွားခြင်း မရှိသည်ကို တွေ့ရှိရပါကြောင်း ဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ အိမ်မဲမြို့နယ်၏ အများပြည်သူ သွားလာနေသော လမ်းဘေးတွင် ခွင့်ပြုချက်မရဘဲ စည်းကမ်းမဲ့ လုပ်ကိုင်နေသော အုတ်၊ သဲ၊ ကျောက်စရစ် လုပ်ငန်းများကို ဖယ်ရှားပေးရန် မြို့နယ်ရှိ သက်ဆိုင်သည့် ဌာနဆိုင်ရာ များနှင့် အကြိမ်ကြိမ် ညှိနှိုင်းပြီး သော်လည်း ဆောင်ရွက်ခြင်း မရှိသည့်အတွက် မည်သည့် အချိန် ကာလတွင် အပြီးသတ်ဖယ်ရှားမည်ကို သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အိမ်မဲချောင်းကမ်းပါး တစ်လျှောက် တွင် ၂၀၀၂ ခုနှစ်မှစ၍ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ လုပ်ကိုင် နေသော အုတ်၊ သဲ၊ ကျောက် လုပ်ငန်း ၃ ခု ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် မြို့အင်္ဂါ ရပ်နှင့် ညီညွတ်မှု မရှိသည့် အတွက် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီမှ ၂၀၁၇ ခုနှစ် မေလ ၁၉ ရက် နောက်ဆုံး ထား ပြောင်းရွှေ့ ရန်နှင့် လိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေအကြောင်းအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များထံ အသိပေး အကြောင်းကြားခဲ့သော်လည်း ရှင်းလင်းဖယ်ရှားခြင်း မရှိသည့်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဖယ်ရှား ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း ဖြေကြား သည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ထန်တလန်မြို့မှ အရှေ့တောင်ဘက် ၅၉ မိုင် အကွာတွင် တည်ရှိသော နှာဟရိန်ကျေးရွာ နယ်မြေရှိ ဘွိုင်နုမြစ်အား ရေအားလျှပ်စစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ထန် တလန်မြို့နယ် နှာရိန်ကျေးရွာအနီးရှိ လျာထားစီမံ ကိန်း တည်နေရာသည် ဘူမိဗေဒ အခြေအနေအရ အမြင့်တမံ တည်ဆောက်ပြီး ရေသွယ်ဥမင် လိုဏ်ဖြင့် ရေသွယ်ယူ၍ ရေအားလျှပ်စစ်ထုတ်ယူရန် ဖြစ်နိုင်ခြေ မရှိပါကြောင်း၊ ဘွိုင်နုမြစ်ပေါ် တွင် မြေမျက်နှာသွင်ပြင်နှင့် ဘူမိဗေဒအခြေအနေတို့နှင့် သင့်လျော်မည့် အနိမ့် တမံစနစ် သို့မဟုတ် အသေးစားရေအားလျှပ်စစ် စီမံကိန်းတစ်ခု အကောင်အထည်ဖော် တည်ဆောက် နိုင်ခြင်း ရှိ၊ မရှိကို လာမည့်ပွင့်လင်းရာသီဖြစ်သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် စူးစမ်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး စူးစမ်းတိုင်းတာတွေ့ရှိမှု အခြေအနေအား အစီရင် ခံစာပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ချင်း ပြည်နယ်အစိုးရ အဖွဲ့တို့သို့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် တင်ပြသွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့ တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်  တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြုသည်။
ဆက်လက်၍ ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်မှ အတည်ပြုပေးပါရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က ထောက်ခံဆွေးနွေးပြီး အဆိုပါ ဥပဒေကြမ်း အား အမျိုးသား လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌ က ကြေညာသည်။
ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင် သိန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြသီတာထွန်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော၊ ဗိုလ်မှူး ကိုကိုနိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဥက္ကာမင်း၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးအောင်ကြည်ညွန့် တို့က အကြံပြု ဆွေးနွေးကြသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာကိုဖီအာနန်မှ မူးယစ်ဆေးဝါးကြောင့် ဘ၀ပေါင်းများစွာ ကြွေလွင့်ပျက်စီး သွားခဲ့ရသည်ကို မိမိမငြင်းသော်လည်း အစိုးရတစ်ရပ်၏ မှားယွင်းသော မူဝါဒ သည် ယခုထက်ပိုသည့် ဘ၀ပေါင်းများစွာ ထိခိုက်ပျက်စီးစေသည်ကို မိမိလက်ခံယုံကြည်သည်  ဟု ပြောကြားခဲ့ပါကြောင်း၊ ထိုကြောင့် မိမိတို့ ပြည်သူ့ကိုယ်စားလှယ်များသည် ဥပဒေပြုရေး တာဝန် အရှိဆုံးဖြစ်သည့်အတွက် ယနေ့ဆွေးနွေးကြသည့် မူးယစ်ဆေးဝါး ဥပဒေကြမ်းသည် ပြည်သူများနှင့် နိုင်ငံအတွက် အကျိုးပြုပြီး အမှားအယွင်းကင်းသည့် ဥပဒေကြမ်းဖြစ်ရန် လိုအပ်ပါကြောင်း၊ ဥပဒေကြမ်းအရ မူးယစ်ဆေးဝါး သုံးစွဲသူအား ဖမ်းဆီးခြင်းနှင့် ထောင်ဒဏ် မပေးသည့်အတွက် ဆေးဝါးသုံးစွဲသူများ ပိုမိုအတင့်ရဲများပြား လာနိုင်ပါကြောင်း၊ ဆေးဝါးသုံးစွဲသူများကို ယခုအတိုင်း လွှတ်ထား၍ မဖြစ်ပါကြောင်း၊ ဥပဒေအရ ဖြေလျော့ပေးလိုက်ခြင်းနှင့်အတူ ဆေးဝါးကုသရေး အစီအစဉ်များကို ကြပ်ကြပ်မတ်မတ်နှင့် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကိုကိုနိုင်က မြန်မာနိုင်ငံ၏ မူးယစ် ဆေးဝါး ကင်းစင် ပပျောက်ရေး အနှစ် ၂၀ စီမံချက်သည် ၁၉၉၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖြစ်၍ ယနေ့တိုင် အကျုံးဝင် နေသည့် စီမံချက်တစ်ရပ်ဖြစ်ပြီး လုပ်ငန်းစဉ်များကိုလည်း ရေးဆွဲထားပါ ကြောင်း၊ အဆိုပါစီမံချက်အား အကောင်အထည်ဖော်ရာတွင် အဓိက အခက်အခဲ နှစ်ခုမှာ နိုင်ငံတော်မှ ဘဏ္ဍာငွေ ပိုမိုဖြည့်တင်းပေးရန် လိုအပ်ခြင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာအကူအညီ အထောက် အပံ့များ ရရှိမှု နည်းပါးခြင်း တို့ကြောင့် ဖြစ်ပါ ကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ ဆိုင်ရာ ဥပဒေကို ပြင်ဆင် ဆောင်ရွက်ခြင်းသည် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ကွဲလွဲမှုများရှိနိုင်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အခြေခံ လိုအပ်ချက်များဖြစ်သည့် အဆောက်အဦ၊ အထောက် အကူပြု ပစ္စည်းကိရိယာများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ ဘဏ္ဍာငွေလိုအပ်ချက်များ အဆင်သင့် မဖြစ်သေးသည့်အတွက် ဤဥပဒေ အတည်ဖြစ်သွားပါက သက်ဆိုင်ရာ ၀န်ကြီးဌာနများအနေဖြင့် လိုက်ပါဆောင်ရွက်ရန် အခက်အခဲများစွာရှိလာနိုင်ပြီး အစိုးရအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်လာနိုင် သဖြင့် အခြေခံလိုအပ်ချက်များကို စီမံချက်ချမှတ် အကောင်အထည်ဖော်ပြီး အသင့်ဖြစ်ချိန်မှသာ ပြင်ဆင်ရန်နှင့် လတ်တလော ပြင်ဆင်ပြဋ္ဌာန်းရန် မသင့်ပါကြောင်း စသည်ဖြင့် ဆွေးနွေးသည်။
အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာဆောင်ရွက်ရန် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည် ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီ ၀င် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ မန်းထွန်းကြိုင်နှင့် ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင် တို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို သြဂုတ် ၃ ရက်တွင် ကျင်းပ သွားရန် လျာထားကြောင်း သိရသည်။

သူရဇော်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment