Saturday, August 5, 2017

၂၀၁၇ ခုနှစ်၊ အာဆီယံဖွဲ့စည်း ထူထောင်မှု နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲ၊ စုပေါင်းအလှပြ စက်ဘီးစီးနင်းခြင်းနှင့် ရိုးရာ အားကစားပြိုင်ပွဲများ ကျင်းပ



နေပြည်တော် ဩဂုတ် ၅

၂၀၁၇ခုနှစ်၊ အာဆီယံ ဖွဲ့စည်းထူထောင်မှု နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် စုပေါင်းအလှပြ စက်ဘီးစီးနင်းခြင်းကို ယနေ့နံနက် (၆)နာရီတွင် မြို့မဈေးစုရပ်မှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းထိ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ ပါဝင်ဆင်နွှဲကြည့်ရှု အားပေး သည်။ 

ရှေးဦးစွာ အာဆီယံ ဖွဲ့စည်းထူထောင်မှု နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် စုပေါင်းအလှပြ စက်ဘီးစီးနင်းခြင်းကို နေပြည်တော် မြို့မဈေးရှေ့မှ စတင် တာလွှတ်ခဲ့ပြီး ပျဉ်မနားတောင်ညိုလမ်းမှ တစ်ဆင့် မဟာဇေယျာလမ်း အတိုင်း ဝဏ္ဏသိဒ္ဓိအားကစား ကွင်းဂိတ်အမှတ်(၄)မှ ကွင်းအတွင်းဝင်ရောက်ပြီး ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ပန်းဝင်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊(၂) လေ့ကျင့်ခန်းများ ပြုလုပ် ခဲ့ကြပြီး အဆိုပါ စုပေါင်း လမ်းလျှောက်ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အရာထမ်း/အမှုထမ်းများ၊ ဝန်ကြီးဌာန ပေါင်းစုံ မှဝန်ထမ်းများ၊ အားကစားဝါသနာရှင် မိဘပြည်သူများ စုစုပေါင်း အင်အား(၂၆၄၃)ဦး ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ပြီး စုပေါင်းလမ်းလျှောက်ပွဲ အပြီးတွင် ဝဏ္ဏသိဒ္ဓိအားကစား လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ ဝန်ကြီးဌာနပေါင်းစုံ ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)၊ လွန်ဆွဲပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ များနှင့် ရိုးရာ အားကစား နည်းများဖြစ်သော ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ သုံးချောင်း ထောက်ပြေးပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ မီတာ(၁၀၀) အပြေးပြိုင်ပွဲ (အမျိုးသား၊အမျိုးသမီး)၊ မီတာ(၂၀၀) အပြေး ပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ  (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေး ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ရိုးရာ အားကစားပြိုင်ပွဲ များမှ ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲအမျိုးသမီး ပြိုင်ပွဲတွင် တတိယဆု ရရှိသော စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်း၊ ဒုတိယဆု ရရှိသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်း၊ ပထမဆုရရှိသော ကာကွယ်ရေး ဝန်ကြီးဌာန အသင်းနှင့် လွန်ဆွဲ အမျိုးသား ပြိုင်ပွဲတွင် တတိယဆုရရှိသော ကာကွယ်ရေး ဝန်ကြီးဌာန အသင်း၊ ဒုတိယဆု ရရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ ပထမဆုရရှိသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအသင်း တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ဝန်ကြီးဌာန ပေါင်းစုံ ထုပ်ဆီးတိုး (အမျိုးသမီး) ပြိုင်ပွဲတွင် တတိယဆု ရရှိသော ပြည်ထောင်စု လွှတ်တော်ရုံးအသင်း၊ ဒုတိယဆုရရှိသော ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ ပထမဆု ရရှိသော ဆောက်လုပ်ရေး ဝန်ကြီးဌာန အသင်းတို့အား အားကစားနှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသက်လွင်မှ ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

(သတင်းစဉ်)

No comments:

Post a Comment