Saturday, August 5, 2017

မြန်မာ့ကျောက်မျက် ရတနာပြပွဲ စတုတ္ထနေ့ ဆက်လက်ကျင်းပ


နေပြည်တော် သြဂုတ် ၅

 (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ ၀င်းအတွင်း၌ ဆက်လက် ကျင်းပသည်။

ယနေ့ပြပွဲတွင် ကျောက်စိမ်း အတွဲအမှတ် (၁) မှ (၁၁၀၀) အထိကို အိတ်ဖွင့် တင်ဒါနစ်ဖြင့် ရောင်းချ ပေးရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည် များက ကျောက်စိမ်း အတွဲများကို ကြည့်ရှု လေ့လာကြပြီး အဆိုပြုလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်း ကြသည်။

ထို့ပြင် ယမန်နေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည့် ကျောက်မျက်အတွဲ၃၂၆ တွဲအတွက် ရတနာကုန်သည်များ ထည့်သွင်းခဲ့သည့် အဆိုပြုလွှာများကို တာဝန်ရှိသူများက တင်ဒါပုံးများအတွင်းမှ ဖွင့်ဖောက် စစ်ဆေး ကြေညာပေးသည်။

ပြပွဲ၌ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများနှင့် ရတနာမျိုးစုံ တို့ကို ကြည့်ရှုလေ့လာ ၀ယ်ယူရာတွင် အဆင်ပြေစေရန် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟို ကော်မတီ၊ လုပ်ငန်း ကော်မတီများနှင့် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ တာဝန် ရှိသူများက လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကြသည်။

ပြပွဲ ပဉ္စမမြောက်နေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၁၀၁)မှ (၂၂၀၀) ထိလည်းကောင်း၊ ဆဋ္ဌမ မြောက်နေ့တွင် ကျောက်စိမ်း အတွဲအမှတ်(၂၂၀၁)မှ (၃၃၀၀)ထိလည်းကောင်း၊ သတ္တမမြောက်နေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၃၃၀၁)မှ (၄၄၀၀)ထိ လည်းကောင်း၊ အဋ္ဌမမြောက်နေ့တွင် ကျောက်စိမ်း အတွဲအမှတ်(၄၄၀၁)မှ (၅၅၀၀)ထိလည်းကောင်း၊ န၀မမြောက်နေ့တွင် ကျောက်စိမ်းအတွဲ အမှတ် (၅၅၀၁) မှ (၆၅၆၁) ထိလည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment