Saturday, August 5, 2017

မြန်မာ့ကမ်းလွန် လယ်ကွက်အမှတ် A (6) မှ သဘာဝဓါတ်ငွေ့ ထုတ်လုပ်နိုင်မှု တစ်နေ့လျှင် ကုဗပေသန်း ၅၀ နှုန်း ထုတ်ယူနိုင်ကြောင်း စမ်းသပ်တွေ့ရှိ


နေပြည်တော် သြဂုတ် ၅

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်သည် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီ နှင့်အတူ မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ရှိ လုပ်ကွက်အမှတ် A(6)တွင် အကဲ ဖြတ်တွင်း ပြည်သစ် (၁) ကို တူးဖော်နေသော တွင်းတူးစက် Dhirubhai Deepwater KG2 (DDKG2) သို့ ယနေ့ နံနက်ပိုင်းက သွားရောက်၍ တွင်းတူး ဖော်စမ်းသပ်နေမှုကို စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တွင်းတူးစက်ပေါ်တွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ အစုရှယ်ယာဝင်များ ဖြစ်ကြသော MPRL ကုမ္ပဏီ၊ Woodside ကုမ္ပဏီ၊ TEPM ကုမ္ပဏီတို့မှ တာဝန်ရှိသူများက တွင်းတူးဖော်မှု အခြေအနေ၊ သဘာဝ ဓာတ်ငွေ့စမ်းသပ်နေမှု အခြေအနေ များကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တွင်းတူးစက်ပေါ်တွင် အကဲဖြတ်တွင်း တူးဖော်စမ်းသပ်နေမှု အခြေအနေကို လိုက်လံ စစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ကမ်းလွန်လုပ်ကွက်အမှတ် A(6)တွင် အကဲဖြတ်တွင်း ပြည်သစ်(၁)ကို ဇွန် ၁၀ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ဇူလိုင် ၁၅ ရက်တွင် ရည်မှန်းအနက် ၄၅၇၀ မီတာ အထိ တူးဖော်ခဲ့ရာ အနက် ၃၅၄၂ မီတာတွင် သဘာဝ ဓာတ်ငွေ့ခိုအောင်းနေသော အသားတင် ထုတ်ယူရရှိနိုင်မည့် သဲကြောအထူ ၃၅ မီတာခန့်ကို စမ်းသပ်တွေ့ရှိခဲ့သည်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှု စမ်းသပ်ခြင်း (Drill Stem Test) ကို ဆောင်ရွက်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗပေ သန်း ၅၀ နှုန်း ထုတ်ယူနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့သည်။

မြန်မာ့ကမ်းလွန် လုပ်ကွက်အမှတ် A(6)တွင် MPRL E&P ကုမ္ပဏီမှ ရင်းနှီး မြှုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd မှ ၄၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ Total E & P Myanmar ကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်း အချိုးကျ ပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အကဲဖြတ်တွင်း ပြည်သစ်(၁)ကို လုပ်ကွက်A(6)၏ တတိယမြောက်တွင်းအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၉၀ ခန့်အကွာ ကမ်းလွန်ပင်လယ်ပြင်တွင် ရေအနက် ၂၀၀၁ မီတာနေရာတွင် တူးဖော်ခဲ့ခြင်း ဖြစ်သည်။

လုပ်ကွက်အမှတ် A(6)တွင် ရှာဖွေရေးတွင်း/အကဲဖြတ်တွင်းများ ဆက်လက် တူးဖော်သွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ပမာဏသည် စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိပါက development လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment