Tuesday, August 1, 2017

(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပရေး ဒုတိယအကြိမ် ဗဟိုကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် သြဂုတ် ၁
(၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပရာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

အစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုအစည်းအဝေးသည် မေလအတွင်းကျင်းပခဲ့သည့် ပထမ အကြိမ် ဗဟိုကော်မတီအစည်းအဝေး နောက်ဆက်တွဲအဖြစ် ကျင်းပခြင်းဖြစ်ကြောင်း၊ ဆပ်ကော်မတီအသီးသီး အနေဖြင့်လည်း လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အစည်းအဝေးအောင်မြင်စွာ ကျင်းပရေး အတွက် ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များသာမက အုပ်ချုပ်ထောက်ပံ့မှု အဆင်ပြေချောမွေ့စေရန်လည်း အရေးကြီး ပါကြောင်း၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် အေဆမ်မိတ်ဖက်နိုင်ငံများအကြား ထိရောက်စွာ ညှိနှိုင်းသွားရန် လိုအပ်ကြောင်း၊ သို့မှသာအေဆမ်မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းအားလုံးလက်ခံနိုင်သည့် ထိရောက်ကောင်းမွန် သောရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကော်မတီအသီးသီးအကြား အသေးစိတ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးကျင်းပရေးဆပ်ကော်မတီ၊ အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းကွပ်ကဲရေးဆပ်ကော်မတီ၊ အခမ်းအနားများ ပြင်ဆင်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ မှန်ကန်မှုရှိစေရေး ဆပ်ကော်မတီ၊ ကြိုဆိုရေးမုဒ်ဦးများ၊ အလံများနှင့်ဆိုင်းဘုတ်များစိုက်ထူရေး၊ မီးအလှများထွန်းညှိရေးနှင့် အခြား လုပ်ငန်းများ ဆပ်ကော်မတီ၊ ဖျော်ဖြေရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် လေ့လာရေး ခရီးစဉ် စီစဉ်ပေးရေးကော်မတီ၊ သံတမန်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရေး ကော်မတီ၊ သယ်ယူပို့ဆောင်ရွက်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ 8thModel ASEM ကျင်းပရေးဆပ်ကော်မတီ၊ ပြန်ကြားရေး 11thASEF Journalists' Seminar ကျင်းပရေး ဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီနှင့်  နေပြည်တော်သာယာလှပရေး ဆပ်ကော်မတီ တို့မှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်း အခြေအနေများကို ရှင်းလင်းတင်ပြကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment