Tuesday, August 1, 2017

ဘူးသီးတောင်မြို့နယ်တွင် A(H1N1) pdm 09 ရာသီတုပ်ကွေးရောဂါ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဘူးသီးတောင် သြဂုတ် ၁
ဘူးသီးတောင်မြို့နယ်တွင် A(H1N1) pdm 09 ရာသီတုပ်ကွေးရောဂါကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

စောင့်ကြည့်စစ်ဆေးခြင်းအနေဖြင့် အဖျားရောဂါပြင်းထန်မှု၊ နှာစေးချောင်းဆိုး ပြင်းထန်မှု၊ အဆုတ်အအေးမိရောဂါ ပြင်းထန်မှုများကို စုံစမ်းစစ်ဆေးပြီး ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပွားသည့် ရောဂါများဖြစ်ပွားမှု မတွေ့ရှိရသေးကြောင်း၊ သို့သော် ပြည်သူများ မစိုးရိမ်ရ အောင် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် ပိုစတာများ၊ ဗီနိုင်းများဖြင့် ပညာပေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဘူးသီးတောင် မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာသန်းထွန်းကျော်က ပြောသည်။        
"H1N1 ရောဂါဟာ ကာကွယ်လို့ရတဲ့၊ ကုသလို့ရတဲ့ ရောဂါဖြစ်ပါတယ်။ ဘာမှစိုးရိမ်စရာမလိုပါဘူး။ သံသယရှိတဲ့ လူနာတွေကို စောင့်ရှောက်ကုသမှုပေးသွားမှာဖြစ်ပါ တယ်" ဟု ဒေါက်တာသန်းထွန်းကျော်က ပြောသည်။
ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံသည် ခုတင်(၅၀)ဆံ့ ဆေးရုံဖြစ်ပြီး စုစုပေါင်း ကျန်းမာရေးဝန်ထမ်း (၁၅၇) ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည့် ဆေးရုံတစ်ခုဖြစ်သည်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံအနေဖြင့် ကာကွယ်၍ရသည့်ရောဂါများကို ကာကွယ်ဆေးထိုးပြီး ကာကွယ် ထိန်းချုပ်နိုင်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးမှုအနေဖြင့် နိုင်ငံတော်အစိုးရက ဇူလိုင် ၂၁ မှ ၂၅ထိ တိုက်ကျွေးရန်သတ်မှတ်ထားသော်လည်း ဒေသ အခြေအနေနှင့်လူဦးရေ ထူထပ်မှုကြောင့် ဇူလိုင် ၁၆ မှ စတင်တိုက်ကျွေးခဲ့သည့် အတွက် ရာနှုန်းပြည့်နီးပါး အောင်မြင်အောင် ဆောင်ရွက်နိုင် ခဲ့ပါကြောင်း၊ သွေးလွန်တုပ်ကွေး ကာကွယ် တားဆီးရေးလုပ်ငန်များ အနေဖြင့်လည်း ဖုံး၊ သွန်၊ လှယ်၊ စစ်လုပ်ငန်းများ၊ ဆေး ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး အနေဖြင့်လည်း တောင်ပေါ်ဒေသ ကျေးရွာများအထိ ခြင်ဆေးဖျန်းခြင်း၊ ဆေးစိမ် ခြင်ထောင်များ ပေးအပ်ခြင်းစသည့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

သတင်းနှင့်ဓာတ်ပုံ- အေ၀မ်းစိုး၊ မျိုးသူဟိန်း

No comments:

Post a Comment