Tuesday, August 1, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ် ၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့က ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်၌ ကတိသစ္စာပြုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ဦးဆက်အောင်အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့်  အထူးထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊ ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်  အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း တို့ကို လွှတ်တော်က မှတ်တမ်း တင်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တာတမံဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အတည်ပြုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်က ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေတွင် ကင်းလွတ်ခွင့်ရှိသည့် ကုန်စည် ၈၇ မျိုးကို ပြဋ္ဌာန်းထားပါကြောင်း၊ ရွှေစင်ရွှေတုံးသည် အဆိုပါ ကုန်စည် ၈၇ မျိုးတွင် မပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ကုန်သွယ်လုပ်ငန်း ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ သို့သော်ရွှေစင်ရွှေတုံးကို နိုင်ငံတကာ တွင် ငွေကြေးကဲ့သို့ သတ်မှတ်အသုံးပြုလျက်ရှိပြီး  အခွန်ကင်းလွှတ်ခွင့်ဖြင့် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ခွင့်ပြုထား သည့်အတွက် ရွှေဈေးတည်ငြိမ်နေပါကြောင်း။
ရွှေစင်ရွှေတုံးများကို အခွန်ကင်းလွှတ်ခွင့်ပြုခြင်းအားဖြင့် ရွှေဈေးတည်ငြိမ်လာပြီး ရွှေထုတ်လုပ်သူများအနေဖြင့် နိုင်ငံတကာ ဈေးကွက်အတိုင်းပြည်တွင်း၌ ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ အခွန်ကင်းလွှတ်ခွင့်ပြုခြင်းဖြင့် နိုင်ငံတကာကဲ့သို့ ရွှေစင်ရွှေတုံးများကို ငွေကြေးကဲ့သို့ သုံးစွဲနိုင်သည့် ပစ္စည်းတစ်ခုအဖြစ် နိုင်ငံတော်တွင် ရပ်တည် လာနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ ရွှေကို အခွန်ကောက်ခံသည့်အတွက်  ပြည်သူလူထုမှာလည်း ရွှေဝယ်ယူမှု လျော့နည်းပါကြောင်း၊ ရွှေအရောင်းဈေးကွက်မှာ လည်း ကျဆင်းလာပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဥာဏ်ဟိန်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထင်လင်းဦး၊ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) ဦးတင်အောင်ထွန်း၊ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးနိုင်သီဟ၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးတို့က ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဦးထွန်းထွန်းဟိန်က ဖတ်ကြား တင်ပြရာ လွှတ်တော်က ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များအတိုင်း ပြည်ထောင်စုအစိုးရသို့ ပြန်လည်ပေးပို့ရန် ဆုံးဖြတ်သည်။
ယင်းနောက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ရှင်းလင်းတင်ပြရာ လွှတ်တော်က ယင်းအစီရင် ခံစာကို မှတ်တမ်းတင်သည်။   
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ ပြည်ထောင်စု၏အရအသုံးစာရင်းများ စစ်ဆေးချက်အစီရင်ခံစာနှင့် စပ်လျဉ်း၍  ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ စည်းမျဉ်း စည်းကမ်းလိုက်နာမှု စစ်ဆေးခြင်းအပြင် လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းကိုပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးဖော်ပြချက်များတွင် တင်ဒါခေါ်ယူခြင်း၊ ပစ္စည်းဝယ်ယူခြင်းလုပ်ငန်းများတွင် ထိရောက်ခိုင်မာသည့် စနစ်များ ဖြစ်ပေါ်လာစေရေး နှင့် တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းအတိုင်း ခိုင်ခန့်ပြီး ကုန်ကျသလောက် အကျိုး ဖြစ်ထွန်းစေရန် အလေးထားဖော်ပြထားပါကြောင်း၊ လုပ်ငန်းစစ်ဆေးရာ၌ ကျွမ်းကျင်ဝန်ထမ်း အကန့်သတ်ရှိခြင်း၊ လေ့ကျင့်သင်ကြားရေးအတွက် ဘတ်ဂျက်အကန့်အသတ်ရှိခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းအတွက် ချဲ့ထွင်ဆောင်ရွက်ရာ၌ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတဖြည့်ဆည်းရန်လိုအပ်ခြင်း၊ သတင်းအချက်အလက် စုဆောင်းရန် အချိန်ပေးရခြင်း၊ အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များအား တိုင်းတာရန်စံများ၊ မှတ်ကျောက် များ သတ်မှတ်ပြဋ္ဌာန်းထားမှု မရှိသေးပါကြောင်း၊ စာရင်းများစစ်ဆေးရာတွင် ၁၀၀ ရာခိုင်နှုန်း စစ်ဆေးနိုင်မှုမရှိဘဲ၊ လိုအပ်မှုနှင့် အရေးပါမှုကိုကြည့်ပြီး ကောက်နုတ်စစ်ဆေးခဲ့ပါကြောင်း။
အမျိုးသားစီမံကိန်းအပေါ် ကဏ္ဍအလိုက်အကောင်အထည်ဖော်ရာတွင် ၂၀၁၅-၂၀၁၆ တွင် လယ်ယာနှင့် စက်မှု ၀န်ဆောင်မှုကဏ္ဍတို့တွင် ယခင်နှစ်များထက် တိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ သစ်တောနှင့် စွမ်းအင်ကဏ္ဍ တို့တွင် အကောင်အထည်ဖော်မှုမှာ လျော့နည်းခဲ့ပါကြောင်း၊ အခွန်အကောက်ဥပဒေအပေါ် အကောင်အထည် ဖော်မှုတွင် ကုန်သွယ်ခွန်နှင့်၊ တံဆိပ်ခေါင်းခွန်များမှာ ယခင်နှစ်များထက် ပိုမိုရရှိခဲ့ပါ ကြောင်း ရှင်းလင်းတင်ပြပြီး ရသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ၅ နှစ်အတွင်းလုပ်ငန်း ဆောင်ရွက်နိုင်မှု၊ ဘဏ္ဍာရေးနှစ် အဆက်ဆက်အကြွေးကျန်ရှိမှုနှင့် နိုင်ငံတော်ပိုင်ငွေနှင့် ပစ္စည်းများပျက်စီဆုံးရှုံးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၉/၂၀၁၇)ကို ကော်မတီဝင် ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂဗေဒ) ကရှင်းလင်းတင်ပြသည်။ အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်း နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

မျိုးမြင့်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment