Monday, August 7, 2017

မြန်အောင်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း သင်တန်း ဖွင့်လှစ်



မြန်အောင် သြဂုတ် ၇
မြန်အောင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း သင်တန်းကို သြဂုတ်လ ၆ ရက်နေ့က မြန်အောင်မြို့ အ.လ.က လက်ပံရပ်ကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း သင်တန်းကို ကျောင်းပိတ်ရက်များဖြစ်သည့် တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များတွင် သင်ကြားပေးပြီး အ.ထ.က မြန်အောင်မှ ကျောင်းသား/သူ(၃၀)ဦး၊ အ.လ.ကလက်ပံရပ်မှ ကျောင်းသား/သူ(၄၇)ဦး တက်ရောက်ကြောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စက်တင်ဘာလ ၅ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ကျောင်းကြက်ခြေနီရှေးဦးသူနာပြုစုခြင်းသင်တန်းသို့ တက်ရောက်နေသော အ.ထ.က မြန်အောင်မှ ကျောင်းသူ တစ်ဦးကလည်း သင်တန်းတက်ရောက်သည့်အတွက် ကြက်ခြေနီလုပ်ငန်းများကို သိရှိခွင့်ရပြီး မိမိပတ်ဝန်းကျင်၊ မိသားစု၏ ကျန်းမာရေးကို မြှင့်တင်နိုင်မည်၊ ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း ပြုစုစောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်အောင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးကျော်စွာလင်းက ကျောင်းကြက်ခြေနီ ရှေးဦးသူနာပြုစုခြင်း သင်တန်း ဖွင့်လှစ်ခြင်းအားဖြင့် ကျောင်းသား/သူများ အခြေခံရှေးဦးသူနာပြုစုခြင်း ဘာသာရပ်များကို သိရှိနားလည်ပြီး မိမိပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချတတ်စေရန်နှင့် သဘာဝဘေး အန္တရာယ်များနှင့် ရာသီအလိုက်ဖြစ်ပေါ်လျက်ရှိသော ရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝင်းဗိုလ် ပြန်/ဆက်၊

No comments:

Post a Comment