Saturday, August 5, 2017

မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံအဖြစ် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ အကြိုဖွင့်ပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် သြဂုတ် ၅
 
မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံအဖြစ် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ အကြိုဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အဆိုပါ ဆေးရုံ၌ ကျင်းပရာ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော်က ဆေးရုံ သမိုင်းကြောင်းနှင့် ဆေးရုံလှူဒါန်းခြင်း ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့် အမှာစကား ပြောကြားသည်။
 
ထို့နောက် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E. Mr. Song Tao က မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ရေး အတွက် အမြဲတမ်း ထောက်ခံ အားပေးနေကြောင်းနှင့် တရုတ်နိုင်ငံ ရှိ အစိုးရမဟုတ်သော အဖွဲ့ အစည်းများကိုလည်း မြန်မာနိုင်ငံကို လာရောက်ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ပေးရန် အမြဲ တိုက်တွန်းလျက်ရှိပါကြောင်း ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း က အမှာ စကား ပြောကြားသည်။ 

ယင်းနောက် တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး ၊ တိုင်းဒေသကြီး ၀န်ကြီး ချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် တို့က မြန်မာ-တရုတ် ချစ်ကြည်ရေး ဆေးရုံ အဖြစ် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ အထိမ်းအမှတ် ကမ္ပည်းဆိုင်းဘုတ်ကို  စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံ ရိုက်ကြသည်။

အခမ်းအနားတွင် တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်းမှ အတွင်းရေးမှူးချုပ် Mr. Xu Jian Guo က မော်တော် ယာဉ်တစ်စီးကို လှူဒါန်းပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကလည်း ဒေါ်ခင်ကြည်၏ ဓာတ်ပုံများကို  မှတ်တမ်းအဖြစ် ပေးအပ် လှူဒါန်းသည်။

ထို့နောက် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် နှင့် တက်ရောက်လာသော ဧည့်သည်တော်များက ဆေးရုံ တည်ဆောက်ရေး လုပ်ငန်းနှင့် ဆေးရုံသုံး ပစ္စည်းများကို လှည့်လည် ကြည့်ရှုကြသည်။

ယင်းနောက် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တာမွေမြို့နယ်ရှိ ချက်ထရီယံ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်၍ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးအား သွားရောက်တွေ့ဆုံပြီး ကျန်းမာရေး အခြေအနေ မေးမြန်းသည်။ 

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ၀န်ကြီးနှင့် အဖွဲ့သည် ညပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment