Sunday, July 30, 2017

ရာသီတုပ်ကွေးရောဂါ (Seasonal InfluenzaA (H1N1) pdm 09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ရန်ကုန်  ဇူလိုင် ၃၀

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm09) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ သင်ကြားရေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လပ်တလောဖြစ်ပွား နေသော ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A (H1N1) pdm09) နှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ခြင်း၊ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်ထိန်းချုပ်ခြင်း၊ ကုသမှု ပေးခြင်း၊ ကျန်းမာရေး ပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ရာသီတုပ်ကွေးရောဂါနှင့် ပတ်သက်သည့် သတင်းများကို ထိန်းချန်ထားခြင်းမရှိဘဲ သတင်း အမှန်များကို ထုတ်ပြန်ပေးလျက် ရှိပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေး ရောဂါသံသယဖြင့်  ဇူလိုင်လ (၁) ရက်နေ့ မှ ယနေ့အထိ  ဆေးရုံတက် ရောက်သူများ စာရင်းကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှု ရှုထောင့်မှ သုံးသပ်လျက်ရှိပါကြောင်း။
ပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို အမြောက်အများ ထုတ်လုပ်ထားပြီး ဖြန့်ဝေလျက် ရှိပါကြောင်း၊ ယခုလတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုအား အောင်မြင်စွာ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာ မြင့်မားစွာဖြင့် သတိရှိစွာ မိမိကိုယ်ကို မိမိ ကာကွယ်စောင့်ရှောက်နိုင်မှု၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာရန် အချက်များ အတိုင်း လိုက်နာ ဆောင်ရွက်မှုတို့သည် အလွန်ရေးပါသည် ဖြစ်ပါကြောင်း၊ လိုက်နာရမည့် အချက်များ ကိုလည်း အချိန်နှင့် တစ်ပြေးညီနေ့စဉ် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါကြောင်း၊
GP ဆရာဝန်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ GP အဖွဲ့ငယ်နှင့် ချိတ်ဆက် ဆောင်ရွက် ကြရန် ဖြစ်ပါကြောင်း၊ မီဒီယာများအနေဖြင့် ပြည်သူများထံ သတင်းမှန်များ တင်ပြကြရန် လိုအပ်ပါကြောင်း၊ ယခုအချိန်သည် မီဒီယာများ၏ ပံ့ပိုးမှု အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ကြိုတင် ပြင်ဆင် ဆောင်ရွက်ခြင်း လုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက်များကို CEU နှင့် CMSD ချိတ်ဆက် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ ဗဟိုတွင်သာမက တိုင်းဒေသကြီး/ပြည်နယ်များတွင် အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍  ဆောင်ရွက်ထားရှိမှုများကို ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်ကလည်းကောင်း၊ ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ Global Situation နှင့် မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားမှု အခြေအနေ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေး/ကူးစက်) ဒေါက်တာသန်းထွန်းအောင် ကလည်းကောင်း၊ ဓါတ်ခွဲခန်းကိစ္စများနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓါတ်ခွဲ) ဒေါက်တာဌေးဌေးတင် ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆေးတက္ကသိုလ် (၁) ရန်ကုန်ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဇော်လင်းအောင်၊ ကုတင်(၅၀၀) အထူးကုဆေးရုံကြီး ရန်ကုန်၊အဆုတ်နှင့် ရင်ခေါင်းဆေးကုဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဝင်းနိုင်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးချိုနှင့် ဟော်မုန်း ရောဂါကုဌာန၊ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ခင်စောသန်း တို့က ရှင်းလင်းဆွေးနွေးကြပြီး လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောက်ဥက္ကလာပ မြို့နယ်ရှိ အထူးကုဆေးရုံ (ဝေဘာဂီ) သို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ရာသီတုပ်ကွေး ရောဂါဖြင့် ရောက်ရှိလာသော လူနာများ လက်ခံကုသ ပေးနေမှု အခြေအနေ၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဝန်ထမ်းများ ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများအား တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဆေးရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment