Tuesday, July 25, 2017

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဖြစ်ပွားမှုနှင့်ပတ်သက်၍ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းများ အားဖြည့်လုပ်ဆောင်လျက်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၄
ယခုနှစ် ဇူလိုင်လအတွင်း ချင်းပြည်နယ် မတူပီမြို့ပေါ်ရပ်ကွက်အချို့တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဓာတ်ခွဲ အတည်ပြုလူနာ(၁၀)ဦး၊ သေဆုံးလူနာ(၁)ဦး ရှိခဲ့ပြီး ရန်ကုန်မြို့၊ ပြည်သူ့ ဆေးရုံကြီးတွင် လူနာ(၂)ဦး၊ ရန်ကုန်မြို့၊ အထွေထွေရောဂါကု ဆေးရုံ သစ်ကြီးတွင် လူနာ(၁) ဦးတို့မှာ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဖြင့် တက်ရောက် ကုသမှု ခံယူ သဖြင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ခံယူလျက်ရှိကြောင်း သိရ သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန် ရောဂါများ စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကပ်အသွင် ဖြစ်ပွား နိုင်သော ကူးစက် ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာကျန်းမာရေး စည်းမျဉ်းများ (၂၀၀၅) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် ထိရောက်စွာတုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေး ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နေပြည်တော် ခုတင်(၁၀၀၀) အထွေထွေ ရောဂါကုဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လက်တလောရာသီတုပ်ကွေးဖြစ်ပွားနေမှုများနှင့် ပတ်သက်၍ တုပ်ကွေး ဆန်သောရောဂါ လက္ခဏာများ(Influenza Like Illness – ILI) ဖြစ်ပွားမှု ၊ ပြင်းထန် အဆုတ်ရောင် (Severe Acute Respiratory Infection – SARI) ဖြစ်ပွားမှု စသည်တို့အား စောင့်ကြပ် ကြည့်ရှုခြင်းနှင့် ရောဂါဖြစ်ပွားကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများအား ဆေးရုံကြီးများ၊ မြို့နယ်အဆင့်နှင့် ပြည်သူလူထုအတွင်း ယခုထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူလူထုအတွင်း သတင်းအမှန်ရရှိရေးနှင့် ကြောက်လန့်မှုမရှိစေရေးအတွက် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ထားရှိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်း ထုတ်ပြန် သွားမည် ဖြစ်ကြောင်း၊ ရောဂါကုသမှု၊ တုံ့ပြန်ဆောင်ရွက်မှု၊ ကြိုတင်ကာကွယ်မှုတို့နှင့်ပတ်သက်၍ ကျန်းမာရေး ဝန်ထမ်းများအတွက် လမ်းညွှန်ချက်များအားလည်း ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ အပြည်ပြည် ဆိုင်ရာ ကျန်းမာရေးစည်းမျဉ်း များနှင့်အညီ ကမ္ဘာ့ကျန်းမာရေး အဖွဲ့သို့လည်း သတင်းပေးပို့ပြီးဖြစ်ကြောင်း၊ လိုအပ်မည့်ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများလည်း အရန်သင့်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ မြင့်ဟန်၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် (ဓါတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွန်းအောင်တို့က ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များနှင့်ပတ်သက်၍ အသေးစိတ်တင်ပြဆွေးနွေးကြသည်။
တုပ်ကွေးရောဂါပိုး (Seasonal Influenza A(H1N1) 2009) အပါအဝင် ရာသီတုပ်ကွေး ရောဂါဖြစ်ပွား မှုသည် တစ်ကမ္ဘာလုံးလူဦးရေ၏ (၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအထိ နှစ်စဉ်ဖြစ်ပွား လျက်ရှိပြီး ရောဂါ ဖြစ်ပွားသူများ၏ (၁)ရာခိုင်နှုန်းအောက်သာ သေဆုံးမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန် ထားသည်။
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) 2009) ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော် ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်နှင့် တုပ်ကွေးဆန်သောရောဂါ လက္ခဏာများ ဖြစ်ပွား လာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သတင်းပေးပို့ ကုသမှုခံယူရန် လိုအပ်ကြောင်း၊ ရာသီ တုပ်ကွေး ဖြစ်ပွားမှုသည် နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ရောဂါတစ်ခုဖြစ်၍ ဝန်ကြီးဌာနကထုတ်ပြန်သော ရောဂါကြိုတင် ကာကွယ်ရေး နှိုးဆော်ချက်များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ရောဂါဖြစ်ပွား မှုအား ကြိုတင်ကာကွယ် ကုသမှုနိုင်မည်ဖြစ်ပြီး အထူးစိုးရိမ်ကြောင့်ကြစရာ မလိုအပ်ကြောင်း၊ ရာသီ တုပ်ကွေး ရောဂါဖြစ်ပွား မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာဖြစ်သော www.mohs.gov.mm နှင့် Myanmar CDC ၏ facebook စာမျက်နှာများမှလည်း သတင်း ထုတ်ပြန် သွားမည် ဖြစ်ပြီး H1N1 ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နှာခေါင်းတို့ဖတ် (nasopharyngeal swab) အား အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာန၊ အမှတ်(၃၅)၊ မော်ကွန်းတိုက်လမ်း ရန်ကုန်မြို့သို့ပေးပို့၍ စစ်ဆေးအတည်ပြုချက် ရယူနိုင်ပါကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)

No comments:

Post a Comment