Tuesday, July 25, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၁ ရက်မြောက် နေ့ကျင်းပ


နေပြည်တော် ဇူလိုင် ၂၄
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၁ ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီတွင် အဖွဲ့ဝင်ဗိုလ်မှူးချုပ် ကျော်ဆွေဦးအစား ဗိုလ်မှူးချုပ် တင့်လွင်အား လည်းကောင်း၊ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ကိုကိုဝင်းအစား ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်အား လည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရေကင်းတိုက်နယ်၊ ရေကင်းရွာကြီးသို့ မိုးညိုမြို့၊ 33KV ဓာတ်အားခွဲရုံမှ 11KV ဓာတ်အား လိုင်း ခွဲဝေပေးပို့ရန် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က မိုးညှင်းမြို့နယ်အတွင်းရှိ ရေကင်းတိုက်နယ် ရေကင်းကျေးရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၁ကေဗွီလိုင်း ၁၀ ဒသမ ၅မိုင်၊ ၂၀၀ကေဗွီအေ ထရန်စဖော်မာ ၂လုံးနှင့် ၄၀၀ ဗို့ဓာတ်အားလိုင်း ၁ မိုင် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဓာတ်အားလိုင်းများ တည်ဆောက် ပေးနိုင်ရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ရန်ပုံငွေထဲတွင် တင်ပြတောင်းခံခဲ့သော်လည်း ရန်ပုံငွေ အကန့် အသတ်ကြောင့် အဆိုပါ ကျေးရွာအတွက် တည်ဆောက်ပေးရမည့် လုပ်ငန်းများ  ကျန်ရှိခဲ့ခြင်းဖြစ်ပါ ကြောင်း။
၂၀၁၇-၂၀၁၈ ဖြည့်စွက်ရန်ပုံငွေ တောင်းခံသည့်အချိန်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရ၏ ဘက်ဂျက် ရန်ပုံငွေ တွင် ထပ်မံတင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ၄၀၀ဗို့ ဓာတ်အား လိုင်းများအား ကျေးရွာ၏ ကိုယ့်အားကိုယ့် ကိုးရန်ပုံငွေဖြင့် တည်ဆောက်ရန် လိုအပ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွှဋ်၏ ပါတီစုံဒီမိုကရေစီ စနစ်အရ မြန်မာနိုင်ငံတွင် ငါးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော အထွေထွေရွေးကောက် ပွဲများတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး သို့မဟုတ် မဲဆန္ဒရှင် အများစု ဆန္ဒမဲပေးစေရန် အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးမှုများ သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုများကို ယခုထက် ပိုမိုဆောင် ရွက်ရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်  ဦးလှတင့် က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာ စီမံကိန်းတွင် ပြည်သူများနှင့် မဲဆန္ဒရှင်များအား အသိပညာပေးခြင်းခေါင်းစဉ်ဖြင့် အခန်းကဏ္ဍ တစ်ရပ်ကို ထည့်သွင်းရေးဆွဲခဲ့ပြီး မဲဆန္ဒရှင် အသိပညာ ပေးခြင်း လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန် စေရန် စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါကြောင်း။
ယခင်ကျင်းပခဲ့သော ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ၂၀၁၇ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ်များတွင် ဆန္ဒမဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်စေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးခြင်းလုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ပိုမိုဆောင်ရွက်ပေး နိုင်ခဲ့ ပါကြောင်း၊ နောင်ကျင်းပ မည့် ရွေးကောက်ပွဲများတွင်လည်း မဲဆန္ဒရှင်ပြည်သူများမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အပေါ် ပိုမိုစိတ်ပါဝင်စားလာစေရန်နှင့် ပိုမိုပူးပေါင်းပါဝင်လာစေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်း၍ မဲဆန္ဒရှင်အသိပညာ ပေးခြင်းကို ပိုမိုကျယ်ပြန့်စွာ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ် ရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးကင်းရှိန်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ ဒေါ်အိအိပြုံးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်တို့၏ မေးခွန်း များနှင့် စပ်လျဉ်း၍ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုနှင့် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးသိန်းဆွေတို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် အတည်ပြုပြီး ပေးပို့ လာသော အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ လင်မယား ကွာရှင်းရေးအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတို့အား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးပြူးလွင်က  ဒုတိယအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်း သည့် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာတွင်  ဒုတိယအကြိမ် အမျိုးသား လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ အဆို(၁)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၉၀)ခု၊ ကြယ်ပွင့်မပြ မေးခွန်း (၁၃၀)ခု စုစုပေါင်း (၂၂၀)ခု တင်သွင်း မေးမြန်း ခဲ့ပါကြောင်း၊ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်များ တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ ကြယ်ပွင့်ပြ မေးခွန်းများ၊ ကြယ်ပွင့် မပြမေးခွန်းများနှင့် စပ်လျဉ်း၍ ကတိဖြစ်ပေါ်မှု စိစစ်နိုင်ရေးအတွက် ကော်မတီ အဖွဲ့ဝင်များကို အဖွဲ့ (၆) ဖွဲ့ခွဲ၍ ၀န်ကြီးဌာနများအလိုက် စိစစ်ဆောင်ရွက်ခဲ့ပါကြောင်း။
ကော်မတီ၏ စိစစ်ချက်အရ ကတိဖြစ်ပေါ်ခဲ့သည့် ကြည်ပွင့်ပြ မေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာန ၇ ခုနှင့်၊ တိုင်းဒေသ ကြီး/ ပြည်နယ်အစိုးရအဖွဲ့ (၇)ခုတို့မှ တာဝန်ရှိ သူများဖြင့်လည်းကောင်း၊ ပြည်ထောင်စု ၀န်ကြီးဌာန ၈ ခုနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ ၄ခုတို့မှ တာဝန်ရှိသူများ ဖြင့်လည်းကောင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါကြောင်း၊  ကော်မတီနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ တာဝန်ရှိ သူများနှင့် အစည်းအဝေး အတည်ပြုချက်အရ ကြယ်ပွင့်ပြမေးခွန်း ၉၀ခုတွင် ၅၀ခု ကတိဖြစ်ပေါ်ခဲ့ပြီး ၄၀ခု ကတိမဖြစ် ပေါ်ခဲ့ပါကြောင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၁၃၀ခုတွင် ၇၆ ခု ကတိဖြစ်ပေါ်ခဲ့ပြီး ၅၄ခု ကတိ မဖြစ်ပေါ်ခဲ့ပါကြောင်း  ပြောကြားသည်။
ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ  ကော်မတီဝင် ဦးစောချစ်ဦးက  ဆက်လက် ဖတ်ကြားတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက်  အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ  အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁)မှ ကော်မတီဝင် ဦးညီညီထွေး (ခ) ဦးကိုကိုလေး ကအမျိုးသားလွှတ် တော်သို့ ဖတ်ကြားတင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်   က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၂ရက်မြောက် နေ့ကို ဇူလိုင်လ ၂၅ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)                   

No comments:

Post a Comment