Thursday, July 27, 2017


နေပြည်တော် ဇူလိုင် ၂၇
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၃)ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
 
အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ပလက်ဝမြို့နယ် ဆက်ချိုင်ကျေးရွာရှိ ကုလက်ချောင်း လူကူးကြိုးတံတား အရှည်ပေ ၃၅၀ ကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဆက်ချိုင်ကျေးရွာနှင့် အထက်သဲမ၀ကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ခံကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကုလက်ချောင်း လူကူးကြိုး တံတား တည်ဆောက်ပါက ၎င်းဒေသတွင် နေထိုင်သည့် ကျေးရွာအုပ်စု ၈ အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ် ခြေပေါင်း ၁၆၇၇ အိမ်ရှိ တိုင်းရင်း သားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး အဆင့် အတန်းများ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထိုကြောင့် ဆက်ချိုင်ကျေးရွာရှိ ကုလက်ချောင်း လူကူးကြိုးတံတား အရှည်ပေ ၃၅၀ တည်ဆောက်ရေးအတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် ၂၀၀၆ - ၂၀၀၇ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုးမှုမှစ၍ ကောက် ခံရန် ကျန်ရှိနေသော ရေခွန်ကြွေးကျန် များကို တောင်သူလယ်သမားများ နစ်နာမှုမရှိအောင်၊ သက်ဆိုင်ရာဌာန အနေဖြင့်လည်း ဘဏ္ဍာငွေ အပြည့်အ၀ ရရှိအောင် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ၂၀၀၆ - ၂၀၀၇ ခုနှစ် မှ စတင်ပြီး ရေခွန်ကို နှုန်းထားသစ်ဖြင့် ပြောင်းလဲကောက်ခံခဲ့ရာ စုစုပေါင်း ရေခွန်ပမာဏ၏ ၇၂ ဒသမ ၆၈ ရာခိုင်နှုန်း၊ ၂၀၀၇ - ၂၀၀၈ ခုနှစ်တွင် ၃၀ ဒသမ ၈၁ ရာခိုင်နှုန်း၊ ၂၀၀၈ - ၂၀၀၉ ခုနှစ်တွင် ၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ၂၀၀၉ - ၂၀၁၀ ခုနှစ်တွင် ၂ ဒသမ ၇၀ ရာခိုင်နှုန်း၊ ၂၀၁၀ - ၂၀၁၁ ခုနှစ်တွင် ၂ ဒသမ ၀၀ ရာခိုင်နှုန်း၊ ၂၀၁၁ - ၂၀၁၂ ခုနှစ်တွင် ၂ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ၀ ဒသမ ၅၃ ရာခိုင်နှုန်းထိ ကောက်ခံရရှိပြီး တစ်နှစ်ထက် တစ်နှစ်လျော့နည်း ကောက်ခံရရှိခဲ့ပါကြောင်း။

နှစ်အလိုက် ကောက်ခံရရှိမှု အခြေအနေများအရ စုစုပေါင်းရေခွန်ကြွေးကျန်မှာ ငွေကျပ် ၂၃ ဒသမ ၁၂၅ ဘီလီယံအထိ ရှိခဲ့ပါကြောင်း၊ ထိုသို့ ရေခွန်ကောက်ခံရရှိမှု အားနည်းလာသည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ ရေခွန်နှင့် ရေခွန်ကြွေးကျန်များကို တာဝန်ယူကောက်ခံပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ကြွေးကျန်စာရင်းနှင့်အတူ လွှဲပြောင်း ပေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ ထိုကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ ၂၀၁၃ - ၂၀၁၄ ခုနှစ်မှ စတင်၍ ရေခွန်ကောက်ခံခြင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ အလားတူ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် ရေခွန်နှင့် တာတမံခွန်ဥပဒေ အသစ်ကို ပြဋ္ဌာန်းပြီးဖြစ်၍ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေဖြင့် ရေခွန် ကောက်ခံရေး အဖွဲ့များဖွဲ့စည်းပြီး ရေခွန်ကြွေးကျန်များ မရှိရေးနှင့် အပြည့်အ၀ ကောက်ခံရရှိရေးကို စီမံ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကျန်ရှိနေသည့် ရေခွန်ကြွေးကျန်များအား ပလပ်ပေးခြင်း သို့မဟုတ် ဖြေလျော့ပေးခြင်း ဆောင်ရွက်နိုင်ရန် ၀န်ကြီးဌာနအနေဖြင့် စိစစ်၍ ပြည်ထောင်စု အစိုးရအဖွဲ့ထံ ကျိုးကြောင်း ညီညွတ်စွာဖြင့် တင်ပြဆောင်ရွက်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏ ညောင်ရွှေမြို့နယ် တောင်ခြေမြင်း စခွန့် ကျေးရွာအုပ်စုရှိ လွယ်ခေါ်ကျေးရွာ၊ လွယ်ခေါ်အင်းသားကျေးရွာ၊ မိုင်းသောက်ကျေးရွာ အုပ်စုရှိ ပုံတယ်ကျေးရွာ၊ အင်းနီကျေးရွာနှင့် သလဲဦးကျေးရွာအုပ်စုရှိ သပြေကုန်းကျေးရွာ၊ သလဲဦးကျေးရွာ၊ အင်းကန်ပတ် ကတ္တရာလမ်းဆုံသို့ ဆက်သွယ် ထားသည့် ကျေးရွာချင်းဆက် လမ်းမကြီးအား လာမည့်ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လမ်းဧရိယာ အကျယ်ပေအတိုင်း မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ညောင်ရွှေ မြို့နယ်အတွင်းရှိ လွယ်ခေါ် - လွယ်ခေါ်အင်းသား - ပုံတယ် - အင်းနီ - သပြေကုန်း - သလဲဦး - ကန်ပတ်လမ်း ကျေးရွာချင်းဆက်လမ်းသည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့ရာတွင် ကျေးလက်ရေပေးရေး လုပ်ငန်းများအနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာ၌ မြေသား ရေလှောင်ကန် နှစ်ခု၊ စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်း တစ်ခုနှင့် တွင်းနက် တစ်တွင်း တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ နှစ်အလိုက် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၏ ဦးစားပေးလျားထား တင်ပြမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဒေါ်မမလေးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၆)မှ ဦးမင်းဦး တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန တို့မှ ဒုတိယ၀န်ကြီး များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း အဆိုတင်သွင်းရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၉)မှ ဦးမြမင်းဆွေက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်သို့ တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။

ထို့နောက် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အမျိုးသား လွှတ်တော်၏ အတည် ပြုချက်အတိုင်း ပြန်လည် ပေးပို့လာကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဒေါ်အိအိပြုံးက လွှတ်တော်သို့ ဖတ်ကြား တင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက် များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ) တို့က အကြံပြု ဆွေးနွေးကြပြီး အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ထို့အတူ အမျိုးသားလွှတ်တော် အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော် ကျော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဒေါက်တာဇော်လင်းထွဋ် တို့က အကြံပြုဆွေးနွေးကြသည်။

အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

အလားတူ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၉)မှ ဦးဖေချစ်၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)နှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး တို့က အကြံပြု ဆွေးနွေးကြပြီး အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။ 

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၄)ရက်မြောက်နေ့ကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ 

သူရဇော်၊ မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment