Thursday, July 27, 2017

မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ


နေပြည်တော် ဇူလိုင် ၂၇
 
မီဒီယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအပါအ၀င် သတင်းမီဒီယာ အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေး ၀န်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က မီဒီယာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊  သတင်းမီဒီယာ သမားများ၏ သတင်းရယူခွင့် တိုးတက် အောင်ဆောင်ရွက်ခဲ့မှုများ၊ ယခုတွေ့ဆုံပွဲတွင် သတင်း မီဒီယာ တိုးတက်ရေးအတွက် သတင်းမီဒီယာ သမားများ ကြုံတွေ့နေရသည့် ပြဿနာများ၊ ဖြစ်စေချင်သည့်ဆန္ဒများ၊ မဖြစ်စေချင် သည့် ဆန္ဒများကို စဉ်းစားဆွေးနွေးရန်၊ လျော့ပေးနိုင်သည့် အတိုင်းအတာ၊ တောင်းဆိုရမည့် အချက်များကို ဆွေးနွေးပြီး အဖြေ ရှာရန်၊ ယခုဆွေးနွေးမှုမှ တစ်ဆင့် ကောင်းကျိုးရလဒ်များ၊ ဆုံးဖြတ်ချက်များ၊ သဘော တူညီချက်များ၊ နားလည်မှုများ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ 

ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်မြင့်နွယ် က နိုင်ငံတော်အစိုးရ အနေဖြင့် သတင်း မီဒီယာ ကဏ္ဍကို အလေးထား ဆောင်ရွက်လျက်ရှိသည့် နည်းတူ တပ်မတော်အနေဖြင့်လည်း တပ်မတော်ပိုင် မီဒီယာများမှ တစ်ဆင့်  တပ်မတော်သတင်း အချက်အလက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။

ထို့ပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်း၍ သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန် ချောမွေ့စေရေး ဆောင်ရွက်လျက် ရှိပြီး အခါအားလျော်စွာ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် အချိန်အား လပ်မှုအပေါ် မူတည်၍ သတင်းဌာနများကို လက်ခံတွေ့ဆုံခြင်း၊ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်၏ အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ သိလိုသမျှ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ ဖွဲ့စည်းထားရှိမှု၊ တပ်မတော်၏ မီဒီယာ အရေအတွက်နှင့် ထုတ်လွှင့်မှု အစီအစဉ်များ၊ တပ်မတော်၏ သတင်းထုတ်လွင့်မှု ဖေ့စ် ဘွတ်စာမျက်နှာများ၊ တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်နှင့် အမျိုးသားရေး တာဝန်များ၊ တပ်မတော်မှ ပြည်သူ့ဆက်ဆံရေး ကျင့်သုံးနေမှု အခြေအနေနှင့် မီဒီယာ ဆက်ဆံရေး အခြေအနေ၊ သတင်းစာ ရှင်းလင်းပွဲများ ဆောင်ရွက်ပေးခဲ့မှု၊ တပ်မတော် လေ့ကျင့်ရေး အစီအစဉ်များတွင် သတင်းမီဒီယာများအား ဖိတ်ကြားခဲ့မှု၊ မီဒီယာများသို့ အသိပေး ပန်ကြားလိုသည့် အကြောင်းအရာများနှင့် စစ်ဆင်ရေး သတင်းထုတ်ပြန်ပေးမှု အခြေအနေ များကို ပြောကြားသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက မီဒီယာများ အနေဖြင့် ကျင့်ဝတ်ရှိပါကြောင်း၊ သတင်းတွင် မှန်ကန်ခြင်း၊ တိကျခြင်း၊ မျှတခြင်း၊ ဘက်လိုက်မှု ကင်းရှင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ပြည်သူကို တင်ပြရန် လိုအပ်ပါကြောင်း၊  မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ကျန် မဏ္ဍိုင်ကြီး ၃ ရပ်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိလျှင် မအောင်မြင်နိုင်ပါကြောင်း၊ သတင်း တန်ဖိုးရှိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အချိန်မီ  ဆက်သွယ်ပြီး အချက်အလက်များကို တောင်းခံရပါကြောင်း၊ ထို့အပြင် ၄င်းတို့၏ သဘောထားကို မေးမြန်းရပါကြောင်း၊ ထိုသို့မေးမြန်းရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခြင်း မပြုပါက မီဒီယာသမားများ အနေဖြင့် ကျင့်ဝတ်ဖောက်ဖျက်ရန် ဦးတည် သွားနိုင်ပါကြောင်း ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ တို့မှ တာဝန်ရှိသူများက ဆွေးနွေးကြသည်။ 

ယနေ့ ဆွေးနွေးပွဲတွင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့် မီဒီယာများအကြား နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်း ထုတ်ပြန်မှု လျင်မြန် ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment