Wednesday, July 5, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သောအဖွဲ့နှင့် အဖွဲ့အစည်းများမှ သီးခြားစီလာရောက်တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ယနေ့ မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi နှင့်အဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR နှင့် သဘောတူညီမှု စာလွှာရေးထိုးဆောင်ရွက်မှု အခြေအနေ၊ မကြာမီက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမိုရာအတွက် ပူးတွဲဆန်းစစ်ချက် လုပ်ငန်းများတွင် UNHCR မှ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ထိုင်းနိုင်ငံမှ မိမိသဘောဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လာမည့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးကိစ္စကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် UNHCR တို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပါမောက္ခဒေါက်တာဒေါ်မြတ်သူနှင့် အဖွဲ့အားလက်ခံတွေ့ဆုံပြီး အသင်းမှ ဆောင်ရွက်နေသော ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုန့်ပြန်မှုလုပ်ငန်းများ၊ ကွဲကွာမိသားစုများ ပြန်လည်ပေါင်း စည်းရေးလုပ်ငန်း၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ ဒုက္ခသည်များအား ကူညီထောက်ပံ့ရေးနှင့် ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်တို့တွင် လူသားချင်း စာနာကူညီမှု လုပ်ငန်းဆောင်ရွက်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် ဟောင်ကောင်မြန်မာ ကုန်သည်ကြီးများအသင်းမှ ဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များ၊  ပြည်သူလူထုအတွက် လူမှုစီးပွားဘဝ ခိုင်မာ စေရေး အစီအမံများဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment