Wednesday, July 5, 2017

ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဝါးအတုများ ကင်းရှင်းရေးညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် ၅
စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးဝါးအတုများ ကင်းရှင်းရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်(၅)ရက်တွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးများထုတ်လုပ်ပေးလျက် ရှိသည့်အခြေအနေ၊ လက်ရှိရောင်းချဖြန့်ဖြူးလျက်ရှိသည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် BPI ဆေးဝါးအရောင်းဆိုင်များ တိုးချဲ့ဖွင့်လှစ်ထားရှိမှုနှင့် နောင်ဆက်လက်ဖွင့်လှစ်မည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်မှုအခြေအနေ၊ ပြည်ပမှဆေးဝါးများ တင်သွင်းနေမှုအခြေအနေ၊ ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိချက်အရ သံသယဖြစ်ဖွယ်ရှိသော ဆေးဝါးအမျိုးအစားများနှင့် ဆင်တူယိုးမှားအတုပြုနေမှု အခြေအနေများကို လည်းကောင်းရှင်းလင်း တင်ပြဆွေးနွေး ခဲ့ကြပြီးနောက် BPI ဆေးဝါးများကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ပြည်သူ့ဆေးရုံကြီးများတွင် BPI ဆေးဝါး အရောင်းဆိုင်/ ကောင်တာများဖွင့်လှစ်သွားနိုင်ရေးနှင့် ဆေးဝါးအတုများ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများကိုဆွေးနွေးခဲ့ကြသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် FDA မှ တာဝန်ရှိသူများသည် ဆေးဝါးအတု/အစစ် အလွယ်တကူခွဲခြားနိုင်သည့် စက်ပစ္စည်းဖြင့် လက်တွေ့သရုပ်ပြ စစ်ဆေးမှုကိုကြည့်ရှုစစ်ဆေးသည်။ အဆိုပါ ဆေးဝါးစစ်ဆေးရေး စက်ပစ္စည်းသည် ဆေးဝါးနှင့် ဓါတုပစ္စည်းအမျိုးပေါင်း ၂၀,၀၀၀ ကျော်ကိုစစ်ဆေးနိုင်ကြောင်း၊ အရွယ်အစားသေးငယ်ပြီး ကွန်ပျူတာဖြင့် ချိတ်ဆက်၍ အလွယ်တကူအသုံးပြုနိုင်ခြင်း၊ Spare Battery အပိုပါဝင်ခြင်းတို့ကြောင့် ဈေးကွက်အတွင်းမည်သည့် နေရာတွင်မဆို On-site အလွယ်တကူသွားရောက် စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပူးပေါင်း၍ ဆေးဝါးလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment