Thursday, July 27, 2017

H1N1 ရောဂါ နှင့် H5N1 ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးပညာပေး ဆွေးနွေး



မြိတ် ဇူလိုင် ၂၆
လတ်တလောဖြစ်ပွားလျက်ရှိသော H1N1 ရောဂါ နှင့် H5N1 ရောဂါမြိတ်မြို့တွင်မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ကြိုတင်ကာကွယ်မှုအနေဖြင့် ဝက်သားသတ်လုပ်ငန်းများ လုပ်ကိုင်နေသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းကို ဇူလိုင်လ (၂၆) ရက် နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးအစည်းအဝေးခန်းမတွင် ဝက်သားသတ်လုပ်ငန်းများ လုပ်ကိုင်နေသူများ တွေ့ဆုံကာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုမှ မြိတ်မြို့သို့ ဝက်များ မှာယူတင်သွင်းခြင်းကို ယာယီခေတ္တရပ်ဆိုင်းပေးကြရန် H1N1 ရောဂါမဖြစ်ပွားစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော သားသတ်လုပ်ငန်းရှင်များက လက်ရှိ ယူထားသော ဝက်များ တင်သွင်း ခွင့်ပြုနိုင်ရေး ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက တင်သွင်းရောက်ရှိလာမည့် ဝက်များကို ကျွဲကူးတံတားအနီး သတ်မှတ်နေရာတွင် ခေတ္တထားရှိပြီး မွေး/ကု၊ စည်ပင်၊ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများ စစ်ဆေးပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် တာဝန်ရှိသူများသည် မြို့တွင်းကြက်မွေးမြူရေးခြံများသို့ ကွင်းဆင်း စစ်ဆေး ဆွေးနွေး ပညာပေး ခဲ့ကြသည်။ ကြက်မွေးမြူရေးခြံများတွင် လက်ရှိအချိန်တွင် ကြက်များသေဆုံးမှုရှိခဲ့ရာ ၎င်းကြက်များကို ရန်ကုန် ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ H5N1 ဖြစ်ပွားမှု မရှိပဲ ကြက်လည်လိမ် ရောဂါဖြစ်ပွားခဲ့ကြောင်း မြို့နယ် မွေး/ကုဒုဦးစီးမှူး ဒေါက်တာသန့်ဇင်လင်း၏ ပြောကြားချက်အရ သိရသည်။
မြိတ်မြို့တွင် ကြက်မွေးမြူရေးခြံ (၆ဝ) ကျော်ခန့်ရှိပြီး လက်ရှိအချိန်တွင် ဥစားကြက်နှင့် အသားတိုးကြက် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရိှကြကြောင်း သိရသည်။ မွေးမြူရေးလုပ်ငန်းရှင်များအား မိမိတို့၏ မွေးမြူရေးခြံတွင် ထူးခြားမှုရှိပါက တာဝန်ရှိသူများထံ အချိန်မီ သတင်းပေးပို့ကြရန်နှင့် H5N1 ဖြစ်ပွားမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် တာဝန်ရှိသူများက ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment