Friday, July 7, 2017

မြန်မာ- နော်ဝေ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုပြုမည့် ''Fish for Development Programme" နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး



နေပြည်တော် ဇူလိုင် ၆
 
မြန်မာ-နော်ဝေ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုပြုမည့် ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် သင်္ဂဟ ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူနှင့် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Borge Brende တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes တို့က Fish for Development Programme အစီအစဉ်အရ မြန်မာနှင့် နော်ဝေ နှစ်နိုင်ငံ ငါးလုပ်ငန်း ဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု သဘောတူညီချက် နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးကြသည်။

နားလည်မှု စာချွန်လွှာအား လက်မှတ် ရေးထိုးနိုင်ခြင်းဖြင့် Fish for Development Programme စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပြီး အဆိုပါ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ငါးလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက် စီမံ ခန့်ခွဲမှုစနစ်၊ အဏ္ဏ၀ါ သုတေသန လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ရေငန်ငါးမျိုးစိတ် မွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးလုပ်ငန်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုများ စသည့် ကဏ္ဍရပ်များအား တိုးမြှင့် အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ပူးပေါင်း ဆောင်ရွက်မှု ကာလမှာ ၂၀၁၇ ခုနှစ်၊ ဇူလိုင် မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် အထိ (၅) နှစ် ကြာမြင့်မည်ဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment