Friday, July 7, 2017

နော်ဝေနိုင်ငံမှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့ မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်း



နေပြည်တော်  ဇူလိုင် ၆
 
နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Borge Brenda ၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် (၁) ဆူ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အမျိုးသားပြတိုက် (နေပြည်တော်) ၌ ယနေ့ ကျင်းပသည်။


အဆိုပါ အခမ်းအနားတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးက နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော် (၁)ဆူအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲအပ်မှု ဆောင်ရွက်ခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လွှဲပြောင်း ပေးအပ်မှုအတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးက ပြောကြားရာတွင် မြန်မာ့ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော် မြန်မာနိုင်ငံသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိရေးအတွက် စီစဉ်ပေးကြသော နော်ဝေနိုင်ငံ အစိုးရနှင့် ယူနက်စကိုတို့ကို မြန်မာနိုင်ငံအစိုးရ ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ နောင်အနာဂတ်တွင် နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံတို့ အကြား ရင်းနှီးခင်မင်မှုနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြန်လည် လွှဲအပ်ပေးသည့် ဗုဒ္ဓဆင်းတုတော်ကို အမျိုးသားပြတိုက် (နေပြည်တော်) ရှိ မကြာခင် ခင်းကျင်း ပြသမည့် ဗုဒ္ဓပြခန်းများတွင် ပြသသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် ထူးခြား ထင်ရှားသည့် ဘုရားစေတီ၊ ပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး၊ ယနေ့ခေတ် ကာလတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များသည် ကမ္ဘာ့တစ်ဝှမ်းလုံး ရင်ဆိုင် ကြုံတွေ့နေရသည့် တရားမဝင် တင်ပို့ရောင်းချခြင်း၊ ခိုးယူ သယ်ဆောင်ခြင်း စသည့်အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယဉ်ကျေးမှုအမွေ အနှစ်များကို ပျောက်ဆုံး ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ရန်အတွက် မြန်မာနိုင်ငံ အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်း ထားပါကြောင်း၊ ယင်းဥပဒေတွင် ရွှေ့ပြောင်းနိုင်သော ရှေးဟောင်း အမွေအနှစ် ဝတ္ထုပစ္စည်းများကို နိုင်ငံခြားသို့ တရားမဝင် ပြောင်းရွှေ့ခြင်း၊ သယ်ဆောင်ခြင်းများကို ကန့်သတ်ထားပြီး ပြင်းထန် စွာအရေးယူခြင်း၊ အထူး တားမြစ်ခြင်းတို့ ပါဝင်ကြောင်း ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် ယဉ်ကျေးမှု အမွေအနှစ်များကို မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း၊ ပြည်သူ လူထုမှ တန်ဖိုးထား မြတ်နိုးတတ်စေရန် အသိပညာပေးခြင်းများကိုလည်း တိုးမြှင့်ဆောင်ရွက် နေကြောင်း၊ ယခုကဲ့သို့ ၂၀၁၁ ခုနှစ်က နော်ဝေနိုင်ငံသို့ ရောက်ရှိနေသည့် ကုန်းဘောင်ခေတ် နှောင်းပိုင်း လက်ရာ ဗုဒ္ဓဆင်းတုတော်ကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခြင်းသည် နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးချစ်ကြည်မှုတို့ အတွက် ကောင်းမွန်သော သာဓကတစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ခြင်းနှင့် ထိန်းသိမ်းခြင်းများအတွက် ဥပမာကောင်း တစ်ခုဖြစ်ကြောင်း၊ အနာဂတ် ကာလနော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံရှိအဖွဲ့အစည်းများ ပြတိုက်များအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက်လည်း လမ်းစဖြစ်သလို ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ အားတရားမဝင် ကူးသန်းရောင်းဝယ်မှုနှင့် တရားမဝင်တင်ပို့မှုများ တိုက်ဖျက်ခြင်း ကို မြှင့်တင်ခြင်းလည်း ဖြစ်ကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ဗုဒ္ဓဆင်းတု တော် ကိုပြန်လည် လွှဲပြောင်း ပေးအပ်သည့် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီးနှင့်လွှဲ ပြောင်းပေးအပ်ပွဲ အခမ်းအနား ဖြစ်မြောက်အောင် စီစဉ် ဆောင်ရွက်သူများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။ 

ဆက်လက်ပြီး နော်ဝေနိုင်ငံ၊  နိုင်ငံခြားရေး ဝန်ကြီးက ပြည်ထောင်စုဝန်ကြီးကို မြန်မာ့ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်အား လွှဲပြောင်း ပေးအပ်ပြီး အဖွဲ့လိုက်မှတ်တမ်း ဓာတ်ပုံရိုက်ကူး ၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment