Tuesday, July 25, 2017

ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၂)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၂၄
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၂)ရက်မြောက်နေ့ကို ယနေ့ နံနက်(၁၀) နာရီတွင် ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုတစ်ခု တင်သွင်းခြင်းနှင့် အစီရင် ခံစာတစ်ခု ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ကြသည်။
အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး၏ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် နိုင်ငံနှင့် အ၀န်း ထက်/လယ်/မူ ကျောင်းပေါင်း ၅၀၀၀ ကျော်အား အဆင့်တိုးမြှင့်ပေးခဲ့ရာ လိုအပ်သော ဆရာ၊ ဆရာမ ပြည့်စုံစွာ တိုးမြှင့်ခန့်ထားရန် အစီအမံများ ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း က အခြေခံပညာဦးစီးဌာနအနေဖြင့် အခြေခံ ပညာကျောင်းများ၌ ဆရာ၊ ဆရာမ ခန့်ထား ရာတွင် ဆရာနှင့် ကျောင်းသား အချိုးမျှတရေး၊ ဘာသာရပ်ကိုက်ညီမှုရှိရေး စသည်တို့ကို အဓိကထား ထည့်သွင်းစဉ်းစားပြီး ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ် မူတည်ပြီး ဖြည့်ဆည်းခန့်ထား လျက်ရှိပါကြောင်း။
အဆင့်တိုးမြှင့်ပေးသည့် ကျောင်းများအတွက် လိုအပ်သော ဆရာ၊ ဆရာမများကို ပညာရေး တက္ကသိုလ် များနှင့် ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ၊ ဆရာမများနှင့် လည်းကောင်း၊ ဘဏ္ဍာငွေခွဲဝေ ရရှိမှု အပေါ်မူတည်ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များအတွက် လိုအပ်သော ဆရာ၊ ဆရာမဦးရေအရ နေ့စားလပေး ဆရာ၊ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရန်အတွက် စီမံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဆရာ တစ်ဦးအတွက် လိုအပ်သော အရည်အချင်းများ ပြည့်ဝရေး အတွက် သတ်မှတ်အရည်အချင်းများ အရ စိစစ်ရွေးချယ်၍ ဒေသခံများကို ဦးစားပေးကာ လိုအပ်သော သင်တန်းများပေးပြီး စီမံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၏ ပြင်ဦးလွင်မြို့နယ် ပြင်စာ၊ ရေငယ်၊ ရွှေသင်း အ.ထ.က(ခွဲ) ကျောင်းများအား အထက်တန်း ကျောင်းအဆင့်သို့ လည်းကောင်း၊ ဟိုလိပ်၊ ကံဗျူး၊ ပြင်ကြီး၊ ပိန္နဲကုန်း အ.လ.က(ခွဲ)များကို အလယ်တန်း ကျောင်းအဆင့်သို့ လည်းကောင်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီးက ပြင်ဦးလွင်မြို့နယ်မှ အခြေခံ ပညာ မူလတန်းကျောင်း ၃ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၃ ကျောင်း၊ အခြေခံ ပညာအလယ်တန်းကျောင်း (ခွဲ) ၇ ကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း ၉ ကျောင်း စုစုပေါင်း အခြေခံပညာ ကျောင်းပေါင်း ၂၂ ကျောင်းအား အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း။
အခြေခံပညာ ဦးစီးဌာနအနေဖြင့် ကျောင်းအဆင့် တိုးမြှင့်ပေးရန်အတွက် စိစစ်ရာတွင် ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ အထက်တန်းအဆင့်သင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၆ ဦးရှိပြီး ပင်မကျောင်းဖြစ်သော အနီးစခန်း အခြေခံပညာ အထက်တန်းကျောင်းနှင့် ကုန်းလမ်းခရီး ၉ မိုင်ခန့်ကွာဝေးပါကြောင်း၊ ရေငယ် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ အထက်တန်း အဆင့် သင် ကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၆ ဦးရှိပြီး ပင်မကျောင်းဖြစ်သည့် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းနှင့် ကုန်းလမ်းခရီး ၅ မိုင်ခန့်ကွာဝေးသည်ကို တွေ့ရ ပါကြောင်း။
ထို့ပြင် ရွှေသင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ အထက်တန်း အဆင့် သင် ကျောင်းသား၊ ကျောင်းသူဦးရေ ၆၅ ဦးရှိပြီး ပင်မကျောင်းဖြစ်သော အနီးစခန်း အခြေခံပညာ အထက် တန်းကျောင်းနှင့် ကုန်းလမ်းခရီး ၉ မိုင်ခန့် အသီးသီးကွာဝေးကြသည်ကို စိစစ်တွေ့ရှိရပါ ကြောင်း၊ ထိုကြောင့် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ၃ ကျောင်းသည် သတ်မှတ်မူနှင့် မကိုက်ညီသည့် အတွက် ကျောင်းအဆင့် တိုးမြှင့်ပေးခြင်း မရှိပါကြောင်း၊ ကျန်ရှိသည့် ဟိုလိမ့် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၊ ကံဗျူးကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)၊ ပြင်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ပိန္နဲကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တို့သည် သတ်မှတ်မူများ နှင့်ကိုက်ညီသည့်အတွက် ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်တွင် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအဖြစ် အဆင့် တိုးမြှင့်ခဲ့ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာဦးတင်အောင်၏ အဝေးသင် တက္ကသိုလ်များတွင် Assignment ဖြေဆိုတင်သွင်းမှုများကို အင်တာနက်အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှု စနစ် ပြောင်းလဲကျင့်သုံးနိုင်မှု ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အဆင့်မြင့်ပညာ ဦးစီးဌာနအနေဖြင့် "အဝေးသင် တက္ကသိုလ်များတွင် Assignment ဖြေဆို တင်သွင်းမှုများကို အင်တာနက်အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ်"ကို ပြောင်းလဲ ကျင့်သုံး ဆောင်ရွက်နိုင်ပါကြောင်း၊ ၂၀၁၇ ပညာသင်နှစ် အတွက် Assignment မေးခွန်းများကို ကျောင်းသား၊ ကျောင်းသူများ ထံသို့ ဖြန့်ဝေပြီး ဖြစ်သည့်အပြင် ၂၀၁၈ ပညာသင်နှစ်အတွက် လည်း Assignment မေးခွန်းများနှင့် အဖြေလွှာများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါကြောင်း၊ အဝေးသင် တက္ကသိုလ်များ၏ Assignment ဖြေဆိုတင်သွင်းမှုများကို အင်တာနက် အသုံးပြုပြီး လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ်ကို ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် Pilot Survey တစ်ခုကို ၂၀၁၈ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း။
"အဝေးသင် တက္ကသိုလ်များတွင် Assignment  ဖြေဆိုတင်သွင်းမှုများကို အင်တာနက် အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ်" ဆောင်ရွက်နိုင်ပါက စာစဉ်အဖြေလွှာများကို စစ်ဆေးရာတွင် အသုံးပြုရမည့် ဆော့ဝဲများလိုအပ်ခြင်း၊ အိုင်တီနည်းပညာကျွမ်းကျင်ရန်အတွက် သင်တန်းများပို့ချရန် လိုအပ်ခြင်း၊ Website တည်ထောင်ရေးနှင့် ထိန်းသိမ်းရေးအတွက် လိုအပ် ခြင်း၊ နည်းပညာအကူအညီနှင့် အိုင်တီပညာရှင်များ လိုအပ်မှုများရှိခြင်း စသည့်လိုအပ်ချက်များ ကို ပြည့်စုံအောင် ဖြည့်ဆည်းပြီး Pilot Survey မှ ရရှိလာမည့် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရန်လည်း လိုအပ်သည့်အတွက် အဝေးသင် တက္ကသိုလ်များတွင် Assignment ဖြေဆိုတင်သွင်းမှုများကို အင်တာနက်အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း ဖြေကြားသည်။
ထို့ပြင် မင်းလှ မဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာနှင့် ကံမ မဲဆန္ဒနယ်မှ ဦးစိန်ဟန် တို့၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ၀န်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ထို့နောက် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက  ဇူလိုင် ၂၁ ရက်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာကန့်ကွက်ကြောင်း အရေးကြီးအဆိုကို တင်သွင်းရာ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ထောက်ခံဆွေးနွေးသည်။
အရေးကြီးအဆို နှင့်စပ်လျဉ်းပြီး လွှတ်တော်က အဆိုအား ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ဇူလိုင် ၂၄ ရက် ညနေပိုင်း နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ သထုံ မဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ မကွေး မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် မိုးမောက် မဲဆန္ဒနယ်မှ ဦးဝင်းအောင် တို့က အကြံပြုဆွေးနွေးကြ သည်။
ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ကော်မတီ၏ အစီရင်ခံစာအား သုံးသပ်တင်ပြ ပါက တစ်နှစ်အတွင်း တင်ပြစာပေါင်း ၁၁၃၂ မှုရှိပြီး ဆောင်ရွက်ပြီးစီးမှုမှာ ၇၃၇ မှုရှိပါကြောင်း၊ ယင်း ၇၃၇ မှုမှာ မှတ်တမ်းတင်ခြင်း၊ သက်ဆိုင်ရာသို့ လွှဲပြောင်းခြင်းများဖြစ်ပြီး ဆောင်ရွက်ဆဲ အမှု ၃၉၅ မှုဟု ဖော်ပြထားပါကြောင်း၊ ထို့ပြင် အစီရင်ခံစာ၏ စာမျက်နှာ ၈ တွင် အစီရင်ခံစာ ကာလအတွင်း ကြားနာမှု ၇ မှု ဆောင်ရွက်လျက်ရှိပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းရာ တွင် မပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကော်မတီ၏ ဆောင်ရွက်မှုများသည် ပေးအပ်ထားသော တာဝန်နှင့် နှိုင်းယှဉ်ရာတွင် အားနည်း နှေးကွေးနေသည်ဟု အကြံပြုလိုပါ ကြောင်း၊ လွှတ်တော်ကော်မတီသည် လွှတ်တော်အငယ်စားများဖြစ်ပြီး ထိုလွှတ်တော် အငယ်စား များ အားကောင်းမှသာ လွှတ်တော်ကြီး အားကောင်းမည် ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ပေးအပ်ထားသော တာဝန်နှင့် ရည်ရွယ်ချက်ကောင်းများဖြင့် အစီရင်ခံစာအပိုဒ် ၃၇ အတိုင်း ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် အကြံပေးလိုပါကြောင်း အကြံပြု ဆွေးနွေးသည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော် က အတည်ပြုပေးရန် ကော်မတီဝင် မန်စီ မဲဆန္ဒနယ်မှ ဦးခင်ဖေလင်း က အဆိုတင်သွင်းရာ လွှတ်တော် က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၃)ရက် မြောက်နေ့ကို ဇူလိုင် ၂၅ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။

သူရဇော်(သတင်းစဉ်)

No comments:

Post a Comment