Tuesday, July 25, 2017

စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်ဓါတ်အားခွဲရုံများအား အဆင့်မြှင့်တင်မှုများပြု လုပ်ပြီး ရပ်ကွက်(၄)ခုသို့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဝေပေး လျက်ရှိ

မုံရွာ ဇူလိုင် ၂၅
စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ဓာတ်အားခွဲရုံတွင် လက်ရှိတည်ဆောက် ထားသော ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ထရန်စဖော်မာ သည် စက်မှုဇုန်ရှိ စက်ရုံများ၊ ရပ်ကွက်နေပြည်သူများ သုံးစွဲမှုများပြားလာသဖြင့် ဓါတ်အားနိုင်နင်းစွာဖြန့်ဝေပေးနိုင်မှုမရှိသဖြင့် လက်ရှိထရန်စဖော်မာနေရာတွင် ၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေ ထရန်စဖော်မာအား ပြောင်းလဲ တည်ဆောက်ခဲ့ပြီး ရပ်ကွက်(၄) ခုသို့ဓာတ်အား လုံလောက် စွာ ဖြန့်ဝေပေးနိုင်ပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ဓာတ်အားခွဲရုံတွင် ၃၃/၁၁ ကေဗွီ၊ ၁ဝ အမ်ဗွီအေထရန်စဖော်မာအား အဆင့်မြှင့်တင် ပြောင်းလဲ တည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေမှ ကျပ်(၅၅၇)သန်းဖြင့် အကုန်အကျခံ တည်ဆောက် ပေးခြင်းဖြစ်ပြီး ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီး ယခုလ(၂၃)ရက်နေ့တွင် ဓာတ်အားစတင် ဖြန့်ဝေပေးလျက် ရှိကြောင်း သိရသည်။
''လျှပ်စစ်ဓါတ်အားကို အသုံးပြုတဲ့ စက်ရုံ၊ အလုပ်ရုံတွေ၊ ရပ်ကွက်နေပြည်သူတွေက များလာတယ်၊ နောက်ပြီးသုံးစွဲမှုကလည်း များလာတဲ့အတွက် ပြည့်စုံစွာပေးနိုင်ဖို့အတွက် လိုအပ်တဲ့ ထရန်စဖော်မာတွေကို တိုးချဲ့တည်ဆောက်ပေးတယ်၊ ဓာတ်အား လိုင်း အကာအကွယ်စနစ်တွေတပ်ဆင်ပေးတာပါ'' ဟု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းမြို့၊ ပတ္တမြားစက်မှုဇုန်ဓာတ်အားခွဲရုံတွင် လက်ရှိ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသော ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ထရန်စဖော်မာအား ၃၃/၁၁ ကေဗွီ ၁ဝ အမ်ဗွီအေ ထရန်စဖော်မာဖြင့် အစားထိုး တည်ဆောက်ပေးခြင်းနှင့် ဓာတ်အားလိုင်း များအား အကာအကွယ်စနစ် (Protection System) များ တပ်ဆင်ပေး ခဲ့ကြောင်းနှင့် ပြောင်းလဲတည်ဆောက်ပေးခဲ့သည့် ထရန်စဖော်မာဖြင့် စစ်ကိုင်းမြို့ရှိ ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်၊ ရွှေမင်းဝံရပ်ကွက်၊ နီလာရပ်ကွက်နှင့် မြရတနာရပ်ကွက် တို့တွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ရုံးမှ သိရသည်။

(မြို့နယ်ပြန်ဆက်)

No comments:

Post a Comment