Sunday, July 30, 2017

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန် တိုင်းဒေသဘကြီး အတွင်းရှိ လမ်း/တံတား ဖွံ့ဖြိုး တိုးတက်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


နေပြည်တော် ဇူလိုင် ၃၀
 
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်တို့သည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လမ်း/ တံတားဖွံ့ဖြိုး တိုးတက် ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် သန်လျင်တံတားအမှတ် (၁)သို့ ရောက်ရှိပြီး ရန်ကုန်ဘက်ခြမ်း တံတား အ၀င်/အထွက် နေရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး ပလက်ဖောင်း အသစ် တည်ဆောက်ခြင်း၊ မြေယာရှုခင်း ပန်းခြံပြုလုပ်ရန်နှင့် တံတားကြံ့ခိုင်မှုတို့ကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်း လိုအပ်ချက်များအား  မှာကြားသည်။
ထို့နောက် သီလ၀ါ Puma Energy Asia Sun စက်သုံးဆီ ဖြန့်ဖြူးရေးရုံသို့ ရောက်ရှိပြီး Myanamr Petrolteum Trade Association အမှုဆောင်အဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်သူများ၏ အဓိက လိုအပ်ချက် ဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စက်သုံးဆီ အရည်အသွေး ပြည့်မီရေးနှင့် ဈေးနှုန်း သင့်တင့်မျှတစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ၀န်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ဆက်လက်၍ သီလ၀ါဆိပ်ကမ်းတွင် သင်္ဘောပေါ်မှ စက်သုံးဆီများကို သိုလှောင် ကန် ကြီးများသို့ သယ်/ချ မှု၊ မီးဘေးကြိုတင် ကာကွယ်ရေး သရုပ်ပြမှု၊ GEO-CHEM ဓာတ်ခွဲ ခန်းတွင် စက်သုံူးဆီ အရည်အသွေး ပြည့်မီရေး ဓာတ်ခွဲစမ်းသပ်မှု တို့ကို စစ်ဆေးသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်း၊ သီလ၀ါ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး ဓာတ်အားပေး စက်ရုံ Control Room မှ တစ်ဆင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားဖြန့်ဖြူး ပေးနေမှု၊ ဓာတ်အားထုတ်လုပ် နေမှု ဓာတ်အားခွဲရုံသစ် တည်ဆောက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ကမာနတ်-သန်လျင် ဓာတ်အားလိုင်းမှ ၂၃၀ ကေဗွီ သီလ၀ါ ဓာတ်အားပေး စက်ရုံသို့ အ၀င်/အထွက် ပြုလုပ်မည့် ဓာတ်အားတိုင် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မြန်မာ့ရေနံ ဓာတုဗေဒ အမှတ်(၁) ရေနံချက်စက်ရုံ သန်လျင်သို့ ရောက်ရှိရာ  ရှင်းလင်း ဆောင်၌ စက်ရုံမှူးမှ စက်ရုံ၏သမိုင်းကြောင်း၊ ဖြစ်စဉ် အခြေအနေ၊ စက်ရုံ၏ လုပ်ငန်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ အကောင်အထည်ဖော်နိုင်ရေး ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းရုံး အစည်းအဝေး ခန်းမဆောင်၌ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရန်ကုန်မြို့ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment