Saturday, July 8, 2017

လှော်ကားကန် ရေဝေရေလဲ ဧရိယာ၌ ကျင်းပသည့် ၂၀၁၇ခုနှစ် ပဉ္စမအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုး ပွဲတော်သို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အားပေး


ရန်ကုန် ဇူလိုင် ၈
ဒုတိယသမ္မတဦးမြင့်ဆွေသည် ယနေ့ နံနက်၉နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် လှော်ကားကန် ရေဝေရေလဲ ဧရိယာ၌ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် AEON Environmental Foundation တို့ ပူးပေါင်း ကျင်းပသည့် ၂၀၁၇ခုနှစ်၊ ပဉ္စမအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက် အားပေးသည်။


မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်ကြသည့် ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ဦးဟံထွန်း၊ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သံမှူးကြီး Mr. Ichiro Maruyama၊ AEON Environmental Foundation မှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများတက်ရောက်ကြသည်။
အခမ်းအနားတွင် AEON Co.,Ltd ဥက္ကဋ္ဌ Mr. Motoya Okada က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြော ကြားကာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှသံမှူးကြီး Mr. Ichiro Maruyama က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်တာဝန်ရှိသူများက သတ်မှတ်ထားသော နေရာ အသီးသီး၌ ရတနာတန်းဝင် ကျွန်းပင်များကို စိုက်ပျိုးပေးပြီး ဂျပန်နိုင်ငံမှ (၅၅၀)၊ မြန်မာ နိုင်ငံမှ (၆၅၀) စုစုပေါင်း (၁၂၀၀)တို့၏ ပျိုးပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယနေ့သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မန်ကျည်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ စသည့် ပျိုးပင်ပေါင်း ၁၃၀၀၀ ကျော်ကို လှော်ကားကန်ရေဝေရေလဲဧရိယာ အတွင်းရှိ ဧက၂၀ တွင် စိုက်ပျိုးခဲ့သည်။
ဂျပန်နိုင်ငံ AEON Co.,Ltdအနေဖြင့် မြန်မာနိုင်ငံတွင်၂၀၁၃ခုနှစ်မှစတင်ပြီး နှစ်စဉ်ပျိုးပင်များစိုက်ပျိုးခဲ့ရာ ယခုနှစ်သည် (၅)ကြိမ်မြောက်ဖြစ်ပြီး အပင်မျိုးစုံ စုစုပေါင်း (၄၇၀၀၀) စိုက်ပျိုးပြီး ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)

No comments:

Post a Comment