Friday, July 7, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံခြားရေး ၀န်ကြီးအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၆
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် နော်ဝေနိုင်ငံခြားရေး ၀န်ကြီး H.E. Mr.Borge Brende အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၌ လက်ခံတွေဆုံ သည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးလုပ်ငန်းစဉ် တောင့်တင်း ခိုင်မာစေရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်ရေးဆိုင်ရာ ကိစ္စရပ်များကို  အမြင်ခြင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။                

တွေ့ဆုံပွဲအပြီးတွင် မြန်မာ-နော်ဝေ နှစ်နိုင်ငံ သတင်းစာ ရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်း စုကြည်က မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့သည် ဆက်ဆံရေး အလွန်ကောင်းမွန်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေဆဲဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် နော်ဝေနိုင်ငံ၏ ပံ့ပိုး ကူညီမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနှင့် နော်ဝေ နှစ်နိုင်ငံ မိတ်ဖက်အခြေအနေကို ထိန်းသိမ်း ထားသကဲ့သို့ နှစ်နိုင်ငံပိုမို ချစ်ကြည် ရင်းနှီးရေးကို လုပ်ဆောင်နေပါကြောင်း၊ နော်ဝေနိုင်ငံသည် မြန်မာ နိုင်ငံ ဒီမိုကရေစီ တိုးတက် ထွန်းကားရေးအတွက် အစဉ်တစိုက် အားပေးကူညီခဲ့သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ စွမ်းအင်နှင့် ပတ်သက်၍ နော်ဝေနိုင်ငံ၏ အတွေ့အကြုံများကို ရယူရမည် ဖြစ်ပါကြောင်းနှင့် နော်ဝေနိုင်ငံနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားရန် သံန္နိဌာန် ချထားပါကြောင်း ပြောကြားသည်။ 

ထို့နောက် နော်ဝေနိုင်ငံခြားရေး ၀န်ကြီးက အလုပ်အကိုင် ဖန်တီးရေးတွင် များစွာ အခွင့်အလမ်းများ ရှိနေပါကြောင်း၊  မြန်မာနိုင်ငံသို့ လာရောက်ရခြင်းသည် မြန်မာနှင့် နော်ဝေ နှစ်နိုင်ငံအကြား ငါးလုပ်ငန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဒေသတွင်း အခြေအနေများ၊ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု များနှင့် ရခိုင်ပြည်နယ် အတွင်းရှိ တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။ 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး H.E. Mr. Borge Brende တို့သည် ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment