Thursday, July 27, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၄)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင်  ၂၇

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၃၄)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာ မြို့နယ်ရှိ မုန်းချောင်းရေအား လျှပ်စစ် စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့ တစ်ဝက်ကို မုန်းတမံ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံး ဒုက္ခရောက်ခဲ့ကြသည့် ဒေသခံကျေး ရွာများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က မုန်းချောင်းရေ အားလျှပ်စစ်စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့တစ်ဝက်ကို မုန်းတမံတည် ဆောက်မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြသည့် ဒေသခံ ကျေးရွာများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကိစ္စသည်  ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါကြောင်း။


ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု၏ ရန်ပုံငွေကို တောင်းခံ၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများ၏ ရန်ပုံငွေများကို ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း၊ နိုင်ငံတကာ ချေးငွေများကို အသုံးပြု၍ လည်းကောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် ကျေးလက်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အား ရရှိရေးကို ဆောင်ရွက်ပေးသည့်အခါတွင် စေတုတ္တရာမြို့နယ်အတွင်းရှိ ကျောက်ပုံ၊ ညောင်ကုန်း၊ ခဲချစ်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်ရန်ပုံငွေဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း ၆ ဒသမ ၅ မိုင်၊ ၁၁/ ၀ ဒသမ  ၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးနှင့် ၁၆၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးတို့ကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေး ခဲ့ပါကြောင်း၊ လာမည့်နှစ်များတွင်လည်း ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည်ဖြစ်ပါ ဖြေကြားသည်။

ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ ရွှေကျင်ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ၏ နစ်နာချက်များကိစ္စနှင့် စပ်လျဉ်း၍ မည်သို့ဆောင် ရွက်ထားသည်ကို သိရှိလိုကြောင်းနှင့် တောင်သူများ နစ်နာမှုအတွက် ချထားပေးသည့် ဘဏ္ဍာငွေ များအား မည်သည့်ကာလတွင် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က နစ်နာကြေး ရသင့်သည့်သူများ နစ်နာကြေး ရရှိရန်နှင့် နစ်နာကြေး မရရှိသင့်သည့် သူများမှ နစ်နာကြေးများ ရယူသွားပါက နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများ လေလွင့် ဆုံးရှုံးနိုင်ပါသဖြင့် နစ်နာကြေးပေး အပ်ရာတွင် မှန်ကန်သော စာရင်းဇယားများ၊ အချက်အလက်များကို အခြေခံဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း။

စာရင်းဇယားများ တိကျမှန်ကန်စွာ ရရှိစေရေး စိစစ်ကြီးကြပ်ရေး အဖွဲ့က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်  ပြန်လည်စိစစ်လျက် ရှိပါကြောင်း၊ စာရင်းဇယားများ အတိအကျ မသိရသေးသော်လည်း ဒေသခံပြည်သူများ၏ နစ်နာချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးရန်အတွက် ၂၀၁၇-၂၀၁၈  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင်  ကျပ်သန်း ၁၂၀၀ ကျော်အား ဘတ်ဂျက်ရရှိပြီးဖြစ်ပါကြောင်း၊ စာရင်းဇယားများ စိစစ်ပြုစု၍ အတည်ပြုပြီး ပါက လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများအား လုပ်ထုံး လုပ်နည်းနှင့်အညီ စီမံဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုး ထက်တို့၏ ညှိနှိုင်း ဖျန်ဖြေပေးရေးဆိုင်ရာ (Mediation Law) ရေးဆွဲရေး၊ သဘာဝ ဓာတ်ငွေ့နှင့် ဒီဇယ်၊ လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ဝယ်ယူပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို သိလိုခြင်း ဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုတရား လွှတ်တော် ချူပ်တရားသူကြီး ဦးမြသိန်းနှင့် လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ ထွန်းနိုင်တို့က ဖြေကြားခဲ့ကြသည်။

ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး တင်သွင်းထားသည့် မြန်မာ့ ပညာရေးပြုပြင် ပြောင်းလဲမှု အထောက်အပံ့ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန်အတွက် အစိုးရ၏ ပညာရေး ရုပ်မြင်သံကြားလိုင်း (Government Education TV Channel) တစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်က နိုင်ငံတစ်ဝန်း ပညာရေးကဏ္ဍ တပြေးညီဖွံ့ဖြိုးတိုး တက်စေရန်အတွက်  လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နယ်စပ်ဒေသများ ပါမကျန် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံး ပညာရေးနှင့်ပတ်သက်သည့် မှန်ကန်သော သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ရရှိစေရန် နှင့် သတင်းအချက်အလက်များ သိရှိရန်လိုပါကြောင်း၊ ရုပ်မြင်သံကြားသီးသန့် အခမဲ့လိုင်းမှ ထုတ်လွှင့်မည် ဆိုပါက တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အားလုံး စနစ်တကျတစ်ပုံစံထဲ သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာနှင့် ကျောင်းသားအချိုး မမျှတခြင်းသည် စာသင်ကြားရာတွင် သင်ကြား နည်းများ၊ စနစ်များ မည်မျှကောင်းကောင်း ထိရောက်သည့် သင်ကြားမှုကို ပေးနိုင်မည် မဟုတ်ပါကြောင်း ဆွေးနွေးသည်။

သက်ရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ပညာရေးဟူသည် မွေးဖွားလာချိန်မှ အစပြုကာ ဘ၀ တစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် အဓိက အရင်းအနှီး ဖြစ်ပါကြောင်း၊ ပညာရေးသည် ဆင်းရဲမွဲတေမှုကို လျှော့ချ၍ သာတူ ညီမျှမှုရှိစေခြင်း၊ မိသားစုဝင်ငွေ မြင့်မားစေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစု ကျန်းမာရေးမြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးကို ရေရှည် တည်တံ့ ခိုင်မာစေခြင်း၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေခြင်း တို့ကြောင့် အမျိုးသားစည်းလုံး ညီညွတ်မှုတွင် အဓိက အခန်းကဏ္ဍက ပါဝင်နေပါကြောင်း။ ပညာရေး အထောက်အပံ့ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန် အစိုးရ၏ ပညာရေး ရုပ်မြင်သံကြားလိုင်း (Governmemt Education TV Channel) လိုအပ်ပါကြောင်း။ အချိန်နှင့်ငွေကုန်ကြေးကျ သက်သာစေခြင်း၊ နေရာဒေသ အသီးသီးမှ သင်ယူနိုင်ခြင်း၊ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူများမှ အစပြု၍ လေ့လာနိုင်ခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် ပညာရေးရုပ်မြင် သံကြား တစ်လိုင်းထုတ်လွှင့်ပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေတို့ကလည်း ဆွေးနွေးကြသည်။

ယနေ့ အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေး ကော်မတီက “မြန်မာနိုင်ငံ လွှတ်တော် အဖွဲ့ဥပဒေကြမ်း” တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီ ရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အထူး ထိမ်းမြားခြင်းဆိုင်ရာ အက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့် ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူသည့်အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်း ဥပဒေ ၁၉၂ (ဂ)နှင့် (ဃ)တို့အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။ 

ကျော်သူထက်၊ မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment