Thursday, July 20, 2017

ချင်းပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲရုံး ဟားခါး၌ ဖွင့်လှစ်



ဟားခါး               ဇူလိုင်                 ၂၀
ချင်းပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ခွဲရုံးဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ဟားခါးမြို့ ချင်းပြည်နယ် ဥပဒေချုပ်ရုံး၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်ဥပဒေချုပ် ဦးဆန်နီထန်ကျုံး၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဥပဒေအရာရှိများနှင့် ဖိတ်ကြားထားသော အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကား ပြောကြားရာ၌ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို ယခင်နိုင်ငံတော်၏အုပ်ချုပ်ရေး တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည့် အစိုးရအဆက်ဆက်အနေနှင့် အစဉ်တစိုက် ရည်မှန်းချက်ထား ဆောင်ရွက်ခဲ့ကြသလို ယခု အရပ်သား အစိုးရအဖွဲ့တာဝန်ယူဆောင်ရွက်ရာတွင်လည်း အဓိကရည်မှန်းချက်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိကြောင်း၊ ချင်းပြည်နယ် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲအနေဖြင့် မိမိတို့၏လုပ်ငန်းတာဝန်များကို အောင်အောင်မြင်မြင် ဆောင်ရွက်သွားရန် ဆက်စပ်လျက်ရှိသော အစိုးရဌာန အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ NGO များနှင့် လက်တွဲဆောင် ရွက်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးမြင့်အောင်က အဖွဲ့ခွဲဖွဲ့စည်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ စီစဉ်ညွှန်ကြားချက်အရ ရုံးခန်း၊ ပရိဘောဂများနှင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ အဖွဲ့ခွဲလုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြပြီး အဖွဲ့ခွဲရုံးအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)  

No comments:

Post a Comment