Wednesday, July 12, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၉) ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၁၂

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၉)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ မေးခွန်း (၆)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ (၂)ခု အတည် ပြုခြင်းနှင့် ဥပဒေကြမ်း(၁)ခု လက်ခံ ရရှိကြောင်း အသိပေး တင်ပြခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။


အစည်းအဝေးတွင် နမ္မတူ မဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ ပြည်တွင်း စစ်ဘေးဒဏ်သင့် နှင့် စစ်ဘေးရှောင် ပြည်သူများ အတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တနေထိုင်နိုင်ရန်၊ ရေရှည် အသက်ရှင် ရပ်တည်နိုင်ရန်၊ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် နိုင်ငံတော်က မည်သို့ ဆောင်ရွက်ပေးနေကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူသားဘ၀ လုံခြုံရေးအတွက် မည်သည့် မူဝါဒဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က နယ်စပ်ရေးရာ ၀န်ကြီးဌာန အနေဖြင့် ရှမ်းပြည် နယ် (မြောက်ပိုင်း) ရှိ စစ်ဘေးရှောင်ပြည်သူများ အားလုံးအတွက် စုစုပေါင်း တန်ဖိုးငွေ ကျပ် ၁၃၈ ဒသမ ၉၈၂ သန်းခန့် ထောက်ပံ့ပေးခဲ့ပါကြောင်း။

ပြည်တွင်းစစ် ဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တ နေထိုင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၏ လမ်းညွှန်မှုနှင့်အညီ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စစ်ဘေးရှောင် IDPs များ၏ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့ အတွက် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ အနေဖြင့်လည်း ရန်ပုံငွေ ခွင့်ပြုဝင်ဆံ့မှု ဘောင်အတွင်းမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ (UN) အဖွဲ့အစည်းများ၊ NGO၊ INGO အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ သော်လည်းကောင်း ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

စစ်ဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင် ပြည်သူများ ရေရှည်အသက်ရှင် ရပ်တည်နိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လူသားဘ၀ လုံခြုံရေးတို့ အတွက် မြေနေရာရရှိရေး၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ရေး၊ အိမ်ရာဆောက် လုပ်ရေးနှင့် လုပ်ကိုင် စားသောက်နိုင်ရေး တို့ကို နိုင်ငံတော် အစိုးရ၏ မူဝါဒများနှင့်အညီ သက်ဆိုင်ရာ ၀န်ကြီးဌာနများ ပူးပေါင်း၍ ဦးစားပေးအလိုက် စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားသည်။

ပြည်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စိုးစိုးကြည်၏ BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ပေးထားသော လမ်းများ၏ အရည်အသွေးသည် ပြည်သူများ ပေးဆောင်နေရသည့် လမ်းအသုံးပြုခ နှုန်းထားများ နှင့် ထိုက်တန်မှုမရှိ ဖြစ်နေခြင်းကို မည်ကဲ့သို့ စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြည်သူများ အနေဖြင့် အချိန်တိုအတွင်း ခရီးလမ်း ဖြောင့်ဖြူး ချောမွေ့သွားလာနိုင်သော အရည်အသွေး ပြည့်မီသည့် လမ်းတစ်လမ်း ဖြစ်ပေါ်လာစေရန် အတွက် ရန်ကုန်-ပြည် လမ်းပိုင်း ၁၅၈ မိုင် ၂ ဖာလုံအား AC လမ်းခင်းခြင်း လုပ်ငန်းကို ရေးဆွဲ ဆောင်ရွက်သွားရန် ကုမ္ပဏီအား ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီအနေဖြင့် လိုက်နာဆောင်ရွက် သွားမည် ဖြစ်ကြောင်းကိုလည်း ၀န်ခံကတိ ပြုထားပြီးဖြစ်ပါကြောင်း။

B. O. T လမ်းပိုင်းပေါ်ရှိ တိုးလ်ဂိတ်များတွင် မြို့ဝင်ကြေး ပေါင်း၍ ကောက်ခံခြင်းကို ရပ်ဆိုင်းထားရန် ညွှန်ကြားထားပြီးဖြစ်၍ ယခုကောက်ခံမှု မရှိတော့ပါကြောင်း၊ မြို့ဝင်ကြေး ကောက်ခံခြင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် စည်ပင်သာယာရေး အဖွဲ့က လေလံပေး၍ ကုမ္ပဏီက ကောက်ခံနေခြင်းသာ ဖြစ်ပါကြောင်း ဖြေကြားသည်။

ထို့ပြင် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်၊ မြင်းမူ မဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်းနှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းတို့၏ လမ်း၊ တံတား လုပ်ငန်းများ လျာထား ရာတွင် မည်သည့်မူဝါဒဖြင့် ရန်ပုံငွေခွဲဝေ လျာထားသည်ကို သိလိုကြောင်း၊ ရတနာပုံ စီလီကွန်စီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော်ရေးနှင့် အသုံးပြုရန် မလိုသော မြေများကို တောင်သူများအား လုပ်ကိုင်ခွင့် ပေးရန် ရှိ၊ မရှိ သိလိုကြောင်း၊ စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ၏ လမ်း/တံတားအသုံးပြုခ ကောက်ခံ ရေးဂိတ်အား ဖျက်သိမ်း ပေးရန် ရှိ၊ မရှိ သိလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတင်ဒါ ရရှိသူများထံမှ လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်း ကောက်ခံခြင်းသည် ဥပဒေနှင့် ညီ၊ မညီ သိလိုကြောင်း မေးခွန်းများကိုလည်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ဖားဆောင်း မဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူနှင့် မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောတို့ ဆွေးနွေးကြပြီး လွှတ် တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယနေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက် ရေးကော်မတီ၏ အစီရင် ခံစာအား လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်သို့ တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment