နေပြည်တော်
ဇူလိုင် ၁၂
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၈ရက်မြောက် နေ့ကို ယနေ့နံနက် ၁၀နာရီတွင်
နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး ၏ ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ် အတွင်းရှိ (၆)ရပ်ကွက်ကို ဖြတ်သန်း
စီးဆင်းနေသော ကသွယ်ချောင်းအား အချိန်မီ ပြုပြင် ထိန်းသိမ်းခြင်းအားဖြင့် အင်းစိန်မြို့နယ်
အတွင်း အခြေချ နေထိုင်လျက်ရှိသော ပြည်သူများအတွက် ရေကြီးရေလျှံခြင်းဘေးမှ ကာကွယ်ရန်
အစီအစဉ် ချမှတ်ဆောင်ရွက်ထားခြင်း ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ရန်ကုန် တိုင်းဒေသကြီး
အင်းစိန်မြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသည့် ကသွယ်ချောင်းမှာ ပေ ၁၂၀၀ ခန့်
ရှည်လျားပါကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လလယ်မှ
စ၍ ချောင်း၏ ကျဉ်းမြောင်းသော နေရာများ၌ စက်ယန္တရား ၀င်ရောက်နိုင်ခြင်း မရှိသောကြောင့်
လူအင်အားဖြင့် လည်းကောင်း၊ စက်ယန္တရား ၀င်ရောက်ရန်အတွက် ချောင်း၏ အကျယ် လုံလောက်မှုရှိသော
နေရာများ၌ စက်ယန္တရားများဖြင့် လည်းကောင်း တူးဖော် ရှင်းလင်းပေးလျက် ရှိကြောင်းနှင့်
စဉ်ဆက်မပြတ် ရှင်းလင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ စစ်ကိုင်း
တိုင်းဒေသကြီး၊ တမူးမြို့နယ်၌ ၂၀၁၅ခုနှစ် မိုးရာသီတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့်
နွံဖုံးပျက်စီးသွားသော လယ်ယာမြေများနှင့် လယ်ရေ သွင်းမြောင်းများအား စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနမှ တာဝန်ယူ ပြန်လည်ဖော်ထုတ် ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်
တမူး မြို့နယ် အတွင်းရှိ ကျေးလက်ဆည်/ကန် ၁၈ ခုနှင့် ရေသွင်းရေနုတ်မြောင်းများ ပြုပြင်
တူးဖော်ခြင်း လုပ်ငန်းများကို ၂၀၁၆ ခုနှစ် မိုးစပါးရာသီအမီ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊
ချောင်းဆုံ ကျေးရွာနှင့် ဟဲဇင်းကျေးရွာ အင်းသာကြီးကွင်းရှိ သဲဖုံး လယ်ယာမြေ ၁၈၁ ဧက
အား စက်မှု လယ်ယာ ဦးစီးဌာနမှ ပြန်လည်ပြုပြင် ဖော်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ
ယခုအချိန်ထိ ၁၀၄ ဧက ဆောင်ရွက်ပြီးဖြစ်၍ ကျန်ရှိသည့် ၇၇ ဧက အား ဆက်လက် ဆောင်ရွက်ရန်
စက်များ စုဖွဲ့ ဆောင်ရွက် ပြီးဖြစ်သော်လည်းပဲ မိုးရာသီ ကာလ ကျရောက်လာသည့်အတွက် ဒေသခံ
တောင်သူများ နှင့် ညှိနှိုင်းပြီး ပွင့်လင်းရာသီတွင် အချိန်မီ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။
ထို့ပြင်
မင်းသမီးကျေးရွာ၊ ကနန်ကျေးရွာနှင့် ခမ်းပတ် ၅ ရပ်ကွက်များရှိ သဲဖုံး လယ်ယာမြေ ၁၇၂၆
ဧကအား စက်မှုလယ်ယာ ဦးစီးဌာနနှင့် ဒေသခံ လယ်သမားများ ပူးပေါင်း အစီအစဉ်ဖြင့် လည်းကောင်း၊
စက်မှုလယ်ယာ ဦးစီးဌာန အစီအစဉ်အနေဖြင့် လည်းကောင်း ပြန်လည်ပြုပြင် ဖော်ထုတ်ခဲ့ရာတွင်
ယခုအချိန်ထိ ၉၈၄ ဧက ဆောင်ရွက်ပြီး ဖြစ်၍ ကျန်ရှိသည့် ၇၄၂ဧကအား ဆက်လက်ပြုပြင်ဖော်ထုတ်ပေးရန်
လိုအပ်လျက် ရှိပါကြောင်း၊ အဆိုပါ ပြုပြင်ဖော်ထုတ်ပေးရန် ကျန်ရှိသည့် ၇၄၂ ဧကတွင် စက်မှုလယ်ယာ
ဦးစီးဌာနမှ ထွန်စက်ဖြင့် ဆောင်ရွက်နိုင်မည့်ဧကသည် ၃၂၆ ဧကခန့်သာ ဖြစ်ပြီး မြေတူးစက် သို့မဟုတ် မြေထိုးစက်
များဖြင့်သာ ဆောင်ရွက်နိုင်မည့် အခြေအနေရှိသော ဧကမှာ ၄၁၆ ဧကခန့်ဖြစ်ပါကြောင်း။
ယခုနှစ်
မိုးရာသီ၌ မြေပြုပြင် ဖော်ထုတ်ရန် ကျန်ရှိသော ၇၄၂ ဧကတွင် တိုက်ရိုက် အစေ့ချစနစ်ဖြင့်
စိုက်ပျိုးသွားမည်ဖြစ်ပြီး မိုးစပါး ရိတ်သိမ်းပြီးချိန် ၂၀၁၈ခုနှစ် ဇန်န၀ါရီ လတွင်သာ
မြေယာပြုပြင် ဖော်ထုတ်ခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ရာ စက်သုံးဆီ ဒီဇယ်
ဂါလန် ၇၀၀၀ ခန့် လိုအပ် မည်ဖြစ်၍ စက်သုံးဆီဖိုး ခန့်မှန်း ကုန်ကျ ငွေမှာ ကျပ် ၂၅ သန်းခန့်
ကုန်ကျမည်ဖြစ်ပါကြောင်း၊ ချောင်းဆုံ ကျေးရွာရှိ တူးဖော်ပေး ရမည့် ရေသွင်းရေနုတ်မြောင်း
အရှည် ပေ ၃၀၀၀ အား တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ပေးအပ်ထားသည့် JCB အမျိုး အစားမြေတူးစက်အသေး
၁ စီးဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်
လျက် ရှိပါကြောင်း။
ထို့အပြင် မင်းသမီးကျေးရွာ စည်ပိုင်းကန်ဆည်ရှိ ရေသွင်းရေနုတ်မြောင်းနှင့်
လက်တံမြောင်းများ ပြုပြင် တူးဖော်ပေးခြင်းနှင့် ကျောက်ရိုးစီခြင်း လုပ်ငန်းများကို
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေကျပ် သန်း ၄၀ ဖြင့် ဆောင် ရွက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းခန့်
ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ စစ်ကိုင်းတိုင်း
ဒေသကြီး တမူးမြို့နယ်အတွင်းရှိ သဲဖုံးလယ်ယာမြေ ၇၄၂ ဧက အား ပြန်လည်ပြုပြင် ဖော်ထုတ်ခြင်းလုပ်ငန်း
ဆောင်ရွက်ရန်အတွက် စက်သုံးဆီဖိုး ခန့်မှန်းကုန် ကျငွေကျပ် ၂၅ သန်းခန့်နှင့် ကနန်ကျေးရွာရှိ
ယောက်ပီးဆည် ရေသွင်းရေနုတ်မြောင်း တူးဖော် ပြုပြင်ခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေ
ကျပ် ၃၅ သန်းခန့်ဖြစ်၍ စုစုပေါင်း ခန့်မှန်းကုန်ကျငွေ သန်း ၆၀ ခန့် ဖြစ်ပါကြောင်း။
အဆိုပါ
လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်းပြီး
ဖြစ်ပါ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ရန်ပုံငွေထည့်သွင်း တောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ်
မူတည်၍ လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက်
ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၊ မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ
ဦးဝင်းမောင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ မေးခွန်းများနှင့်
စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည် ရှင်းလင်းဖြေကြားသည်။
ယင်းနောက်
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး
တိုးတက်ရေး ကော်မတီအဖွဲ့ဝင် စောယှားဖောင်အွာက အမျိုးသား လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်သို့
ဖတ်ကြား တင်သွင်းသည်။
ထို့နောက်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေး
လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ်
အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၉ရက်မြောက် နေ့ကို ဇူလိုင်လ ၁၃ ရက်တွင် ဆက်လက်
ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
No comments:
Post a Comment