Tuesday, July 11, 2017

ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသော လုပ်သားများကိုစနစ်တကျကြိုဆိုမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အားပေးကြည့်ရှု

မြ၀တီ ဇူလိုင် ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့၌ ထိုင်းနိုင်ငံမှပြန်လည် ၀င်ရောက်လာသော ပြည်သူများကို ပြန်လည်ကြိုဆိုလက်ခံရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးသည်  ကြိုဆိုလက်ခံရေးစခန်း၌ ဌာနဆိုင်ရာများက ကြိုဆိုလက်ခံရေးလုပ်ငန်းများ  အဆင့်ဆင့် ဆောင်ရွက်ပေးနေပုံ၊ ထိုင်းနိုင်ငံဘက်သို့ တရားဝင်သွားရောက်ကြမည့် ပြည်သူများအတွက် ဌာနဆိုင်ရာများက လုပ်ငန်း များ ဆောင်ရွက်ပေးနေမှု၊ တပ်မတော်နှင့်လူမှုရေးအသင်းအဖွဲ့များ၏ ပါဝင်ကူညီဆောင်ရွက် ပေးနေမှုများကို လေ့လာ ကြည့်ရှုကြသည်။
ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသော ပြည်သူများအနေဖြင့် ၄င်းတို့၏ နေရပ်သို့စနစ်တကျ ပြန်လည်ရောက်ရှိကြောင်း သိရှိရပြီး ကြိုဆိုလက်ခံရေးစခန်းမှ စနစ်တကျဆောင်ရွက်ပေးနေမှုများကို ကျေးဇူးတင်ရှိ ကြောင်း၊ လိုအပ်ချက်များနှင့် အကြံပြုချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထပ်မံပြန်လည် ၀င်ရောက်လာကြမည့် ပြည်သူများအတွက်လည်း ကြိုဆို လက်ခံပေးရန် အသင့်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အတွက် ဆောင်ရွက်ပေးနေမှု လုပ်ငန်းအဆင့်ဆင့်ကို လေ့လာပြီး နှစ်ဖက်နိုင်ငံက သတ်မှတ်ထားသော စည်းကမ်းချက်များ အတိုင်း လိုက်နာ ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် မြ၀တီခရိုင် သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် အရေးပေါ်လိုအပ်လျက်ရှိသော ဖိုက်ဘာစက်တပ် လှေဝယ်ယူရန် ကျပ်သိန်း(၅၀)နှင့် လက်ကိုင်လွှစက်(၄) လက်တို့ကို  ထောက်ပံ့ပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ် ၀န်ကြီးချုပ်နှင့်အတူ မြိုင်ကြီးငူဆရာတော်၏ သက်တော်(၆၉)နှစ်မြောက် ၀ိဇာတမွေးနေ့မင်္ဂလာပွဲသို့ တက်ရောက်ပြီး မြိုင်ကြီးငူအထူးဒေသရှိ တိုက်ပွဲရှောင် ပြည်သူများ အတွက် စာနပ်ရိက္ခာဖိုး ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)ကို ဆက်ကပ်လှူဒါန်းပြီး၊ တိုက်ပွဲရှောင်ပြည်သူများနှင့် တွေ့ဆုံ ကာ လက်တလောလိုအပ်ချက်များကို ဆွေးနွေးဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် ရေရှည်အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များကို စခန်းတာ ၀န်ခံများ၊ စခန်းရှိပြည်သူများနှင့် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက စခန်းတွင် ယာယီနေထိုင်ကြစဉ်ကာလအတွင်း အသက်မွေး ၀မ်းကြောင်းလုပ်ငန်းများကို ကိုယ်စီ သင်ယူတတ်မြောက်အောင် လေ့ကျင့်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့ တတ်ကျွမ်းပြီးဖြစ်သည့် ရိုးရာယက်ကန်း လုပ်ငန်းဖြင့် လည်း ၀င်ငွေပိုမိုရရှိစေ ရေးအတွက် အရင်းအနှီးငွေကြေးလိုအပ်မှုကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မိမိတို့၏ မူလနေရာဒေသတွင် ပြန်လည်နေထိုင်ကြရသည့်အခါတွင်လည်း မိသားစုအတွက် ကိုယ်တိုင်ဝင်ငွေ ရရှိစေမည့် လုပ်ငန်းများကို တတ်မြောက်ပြီး စားဝတ်နေရေးအတွက် လုံခြုံစိတ်ချရသော အခြေအနေကောင်းများကို ဖန်တီးပေးနိုင်မည်ဟုယုံကြည်ပါကြောင်း အားပေးစကားပြောကြားကာ လတ်တလောစားသုံးရန် ဆန်ရိက္ခာအတွက် ငွေကျပ် (၁၃၂၀၉၂၀၀/-) နှင့် တိုက်ပွဲရှောင်ပြည်သူများ ရိုးရာယက်ကန်းလုပ်ငန်းဆောင်ရွက်ရန် မတည် ငွေကျပ်(၅) သိန်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment