Tuesday, July 11, 2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇူလိုင် ၁၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်သူ့ငွေစာရင်းကိုင်များ ပျက်ကွက်မှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော  ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိက၀တ်ကာလ ဖြစ်သည့် "ဒိုဟာ"ပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ရန်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေး သွင်းရန်ကိစ္စနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘော တူညီချက်သို့ မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ၀င်ရောက်ရန်ကိစ္စ တို့နှင့် စပ်လျဉ်း၍ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ရှင်းလင်းတင်ပြသည်။
အပြည်ပြည်ဆိုင်ရာသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက  အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် နိုင်ငံ အဆင့် အဖွဲ့ဝင် ၈၄ နိုင်ငံ၊ အစိုးရဌာန အဖွဲ့အစည်း အဆင့် အဖွဲ့ဝင် ၁၂၁ ဖွဲ့၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအဆင့် အဖွဲ့ဝင် ၉၈၂ ဖွဲ့ ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အဖွဲ့၏ Regulation (22) အရ အဖွဲ့ဝင်များမှနှစ် စဉ်ကြေးပေးသွင်းရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နှစ်စဉ်ကြေး နှုန်းထားသတ်မှတ်ခြင်းကို ၄ နှစ် တစ်ကြိမ်ကျင်းပသည့် ယင်းအဖွဲ့၏ ကမ္ဘာ့ထိန်းသိမ်း ရေးညီလာခံကာလအတွင်း ဆောင်ရွက်လေ့ရှိပြီး အဆိုပါသတ်မှတ် ချက်သည် နောက် တစ်ကြိမ်ကျင်းပသည့် ညီလာခံအထိ ၄ နှစ်ကြာတည်မြဲပါကြောင်း။
 နိုင်ငံအဆင့်အဖွဲ့ဝင်များ State Member အတွက် အဖွဲ့ဝင်ကြေး သတ်မှတ်ရာ တွင်  မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင် ဖြစ်လာပါက ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ထည့်ဝင်ရမည့် နှစ်စဉ်ကြေးမှာ CHF(Swiss Francs) ၁၅၅၂၀ ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် ပိုမိုဆက်သွယ်ဆောင် ရွက်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ရန်ပုံငွေ အရင်းအမြစ်များ ပိုမို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့မှ ကမ္ဘာတစ်ဝန်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများမှ သုတေသနရလဒ်များ၊ အတွေ့အကြုံ များနှင့် အခြားအကျိုးကျေးဇူးများကို မိမိတို့နိုင်ငံမှ ရရှိနိုင်မည်ဖြစ်ပါ ကြောင်း ရှင်းလင်းတင်ပြသည်။
အဆိုပါ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော  မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပေဒကြမ်း၊ ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်း တို့နှင့် စပ်လျဉ်း၍  ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကြသည်။
ယင်းဥပဒေကြမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေ ကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက်လွှတ်တော်၏ အတည် ပြုချက်ရယူရာ လွှတ်တော်ကသဘောတူကြောင်းကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော တရားခံလွှဲပြောင်းရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဒုတိယ ၆ လပတ်လျာထားမှုအပေါ် အခွန်ကောက်ခံရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘော ထားမှတ်ချက် အစီရင်ခံစာ (၈/၂၀၁၇) အပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခေတ်မီဖွံ့ဖြိုးတိုးတက်သောာ နိုင်ငံတော်ကြီး ပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည်ဟု  ပြဋ္ဌာန်းထားသည့်အတွက် နိုင်ငံသားတိုင်းသည် ဥပဒေအရ အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိပါကြောင်း၊ အခွန်မရှိဘဲ နိုင်ငံတကာမှ ငွေချေးပြီး တိုင်းပြည် ရေရှည် ရပ်တည်၍ မရပါကြောင်း၊ လျာထားချက်ထက် ပိုမိုကောက်ခံရရှိသည့် အခွန် ၁၄ မျိုးရှိပြီး လျာထားချက်ထက် လျော့နည်း ရရှိသည့်အခွန် ၇ မျိုးနှင့် စပ်လျဉ်းပြီး နောင်ဘဏ္ဍာနှစ်များတွင် လျာထားချက်ကို ပြည့်မီအောင် နည်းလမ်းများ ရှာကြံပြီး ဆောင်ရွက်သင့်ပါကြောင်း။
အစီရင်ခံစာတွင်ပါရှိသော နိုင်ငံတော်၏ရည်ရွယ်ချက်ဖြစ်သည့် သင့်တင့်သော နှုန်းထားသတ်မှတ်ပြီး Tese Base ကို ချဲ့ထွင်ခြင်းဖြင့် အခွန်အကောက်ရငွေတိုးတက်ရရှိအောင် ဆောင်ရွက်ရာတွင် အခွန်ဦးစီးဌာနက အချို့သောဝန်ထမ်း များက တာဝန်ကို လုပ်ပိုင်ခွင့်ထင်ပြီး အခွန်ထမ်းမည့် ပြည်သူများ၏ မသိနားမလည်မှုကို အခွင့်ကောင်း ယူကာ နိုင်ငံတော် သို့ အခွန်များပြည့်ဝစွာ မရရှိအောင်လုပ်ဆောင်နေသည့် အခွန်ကောက်ဝန်ထမ်း အချို့ကို သေသေချာချာ စိစစ်ရန်လိုအပ် နေပြီဖြစ်ပါကြောင်း၊  နိုင်ငံတော်ကို တရားဝင် အခွန်ဆောင်ရမည့် ငွေထက်လျှော့ယူမည်ဟုဆိုပြီး နိုင်ငံတော်ကို အခွန်မသွင်းစေဘဲ မိမိကိုယ်ကျိုးအတွက် အဂတိလိုက်စားနေသည့် ၀န်ထမ်းများသည် အခုအချိန်အထိရှိနေဆဲဖြစ်သည့် အတွက် ထောက်ပြရခြင်းဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပုလဲ မဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊  ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ မန်တုံ မဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ပွင့်ဖြူမဲဆန္ဒ နယ်မှ ဦးထွန်းထွန်း၊  သရက်မဲ ဆန္ဒနယ်မှ ဦးကံမြင့်၊ ကျိုက်လက်မဲ ဆန္ဒနယ်မှ ဦးရန်လင်း၊ လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်အောင်ခင်၊ ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊  ဒလ မဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးနှင့် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန် ၀င်းသောင်းတို့က အကြံပြု ထောက်ပြဆွေးနွေးကြသည်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၈/၂၀၁၇)အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက် များနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်ဝင်ငွေခွန်ကောက်ခံရရှိမှုသည် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ် ရရှိမှုကိုပင် မပြည့်မီဘဲ လျော့နည်းခဲ့သည်ကို သုံးသပ် ထားပါကြောင်း၊  ယင်းသို့ လျော့နည်းခဲ့ခြင်းမှာ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ဆိုင်ရာ အခွန်နှုန်းတစ်ရပ် ကို တိုးမြှင့်ခဲ့ခြင်းကြောင့်ဖြစ်ပါကြောင်း။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အခွန်ကောက်ခံရရှိမှုမှာ ငွေကျပ် ၁၁၈ ဒသမ ၅၁၁ ဘီလီယံ ဖြစ်သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၅၀ ဒသမ ၆၆၈ ဘီလီယံသာ ကောက်ခံရရှိခဲ့သဖြင့် ငွေကျပ် ၆၇ ဒသမ ၈၄၃ ဘီလီယံ လျော့နည်းရရှိခဲ့ သည်ကို တွေ့ရပါကြောင်း၊ သို့ရာတွင် ဝင်ငွေခွန် တစ်ရပ်လုံးအနေနှင့် ကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွက် ငွေကျပ် ၂၃၂၆ ဒသမ ၄ ဘီလီယံ ကောက်ခံရရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်ငွေကျပ် ၂၃၂၃ ဒသမ ၆၆၈ ဘီလီယံ ကောက်ခံ ရရှိခဲ့တဲ့ အတွက် ငွေကျပ်၂ ဒသမ ၇၃၂ ဘီလီယံသာ လျော့နည်းရရှိခဲ့ခြင်း ဖြစ်ပါကြောင်း။
 ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အခွန်ငွေ တိုးတက်ရရှိရေးအတွက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ လုပ်ငန်းဆက်စပ်နေသော  ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်၊ လုပ်ငန်းခွင့်ပြုမိန့် စသည်တို့ကို အခွန်တာဝန်ကျေပွန်မှုရှိ၊ မရှိစိစစ်ပြီးမှ ခွင့်ပြုစေခြင်း၊ ဝင်ငွေခွန် ဥပဒေအရ ကြိုတင်ဝင်ငွေခွန်ကောက်ခံခြင်း၊ ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် ဝင်ငွေခွန်ပေးသွင်းစေခြင်းတို့ကို တွန်းအားပေး ကြီးကြပ်ဆောင်ရွက်ခြင်း၊ လက်ရှိ ဆောင်ရွက်နေ သည့် စားသောက်ဆိုင်၊ ဟိုတယ်များက ထုတ်ပေးသော ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထုတ်ပေးစေခြင်း အစီအစဉ်ကို ရွှေထည်လက်ဝတ်ရတနာများ ရောင်းချမှုတွင်လည်း တိုးချဲ့ဆောင်ရွက်စေခြင်း၊ ဆက်လက်၍ ရုပ်သံလွှင့် မီဒီယာဝန်ဆောင်မှုလုပ်ငန်းတွင်လည်း တိုးချဲ့ဆောင်ရွက်ရန် စီစဉ်ထားရှိခြင်း၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေ သည့် အထူးကုန်စည်များဖြစ်သော အရက်၊ ဝိုင်၊ စီးကရက်တို့အပြင် ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ်ကိုပါ အခွန်အမှတ် တံဆိပ်ကပ် နှိပ်ပြီးမှ ရောင်းချရန် တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။
အလားတူ အစီအရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဒုတိယ၀န်ကြီးများက ပြန်လည် ရှင်းလင်းတင်ပြကြသည်။
အဆိုပါ အစီရင်ခံစာကို လွှတ်တော်က သဘောတူကြောင်းနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ရှင်းလင်းချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်သည်။

မျိုးမြင့်(သတင်းစဉ်)

No comments:

Post a Comment