Monday, July 31, 2017

အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ မြိတ်စာဖြေဌာနမှ အောင်မြင်ခဲ့သော သာသနာ့ အာဇာနည်များအား စာအောင် လက်မှတ် ဆက်ကပ်ခြင်း ဆုနှင်းသဘင် ကျင်းပ



မြိတ် ဇူလိုင် ၃၁
၂ဝ၁၆ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ မြိတ်စာဖြေဌာနမှ အောင်မြင်ခဲ့သော သာသနာ့ အာဇာနည်များအား ဇူလိုင်လ(၃၀)ရက် နေ့လယ်(၂)နာရီက မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် စာအောင်လက်မှတ် ဆက်ကပ်ခြင်း ဆုနှင်းသဘင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆုနှင်းသဘင်အား တက်ရောက်လာကြသော ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က  နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တလာသန လှည်းဘီးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သော သာသနာ့ အာဇာနည်များအားသိမ်တော်ကြီး ဥပါသိကအဖွဲ့မှ ထုတိမင်္ဂလာကဗျာများဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ယင်းနောက် ၂ဝ၁၆ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ၊ နိကာယ်စာမေးပွဲအောင်မြင်ခဲ့ကြသည့် သံဃာတော် (၁၅)ပါး၊ သီလရှင်(၂)ပါးတို့အား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းနှင့် တာဝန်ရှိသူများက အောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတနာရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကောဏ္ဍည ကန်သာကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဆုနှင်းသဘင်းကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
၂ဝ၁၆ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဓမ္မစရိယတန်းတွင်(၁)ပါး၊ နိကာယ်စာမေးပွဲ တွင်(၁)ပါး၊ ပထမကြီးတန်းတွင် (၁)ပါး၊ ပထမလတ်တန်းတွင်(၆)ပါး၊ ပထမငယ်တန်းတွင်(၈)ပါး အောင်မြင်ခဲ့ကြပြီး အောင်မြင်ခဲ့ကြသော သံဃာတော်များနှင့် သီလရှင်များကို စေတနာရှင်များက စုစုပေါင်းတန်ဖိုး(၃၆၂၅ဝဝဝ) ကျပ်တန်ဖိုးရှိ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )

No comments:

Post a Comment