Tuesday, July 25, 2017

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ



ကျောက်ဖြူ    ဇူလိုင်   ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ္မာဝတီခန်းမ၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သည် ဇူလိုင်လ (၂၄) ရက်နေ့၊ ညနေ (၆) နာရီ  (၁၀)မိနစ်တွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို "မြန်မာ့ကျောင်း"သီချင်းဖြင့် ကျောင်းသား/ကျောင်သူကလေးများက သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ထိုက်ထိုက်တန်တန် အောင်မြင်မှုထူးချွန်မှုကို ဂုဏ်ပြုသည့် အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်မှလည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပညာရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်နေတယ်ဆိုတာ အားလုံးအသိဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးတိုးတက်မြင့်မားလာတာနှင့်အမျှ နိုင်ငံ၏ဖွံ့ဖြိုးတက်မှုသည် ထိပ်ဆုံး၌ ရှိပါကြောင်း၊ ပညာရေးဌာန၊ အမိအဖပြည်သူများ၊ ကျောင်းသူ/ကျောင်းသားများ ညီညီညွှတ်ညွှတ်ဖြင့် ပူးပေါင်းပါဝင်မှ ပညာရေးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ ရခိုင်ပြည်နယ်ပညာရေး တိုးတက်မြှင့်မားရေးကြိုးပမ်းဆောင်ရွက်   မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းမှ ၂၀၁၇ခုနှစ်ပညာသင်နှစ်အောင်ချက် ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ယခုပညာသင်နှစ်တွင် ပြန်လည်တိုးတက်အောင်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုမှ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦးအားလည်းကောင်း၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာမှ(၄)ဘာသာဂုဏ်ထူးရှင်(၄)ဦးအားလည်ကောင်း၊ ဘဏ္ဍာရေးအခွန်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းမှ(၃)ဘာသာဂုဏ်ထူးရှင်(၈)ဦးအားလည်းကောင်း၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီးဦးမင်းအောင်၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်သစ်တော သတ္တုတွင်းဝန်ကြီးဦးကျော်လွင်၊ ပြည်နယ်ပညာရေးမှူးဦးအောင်ကျော်ထွန်းတို့မှ (၂)ဘာသာဂုဏ်ထူးရှင်(၂၆)ဦးအား လည်းကောင်း၊ ကျောက်ဖြူခရိုင်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်ဦးမှ ရခိုင်ပြည်နယ်အဆင့်ဝိဇ္ဇာဘာသာတွဲတွင် အမှတ်အများဆုံးရရှိသူအားလည်းကောင်း၊ အမှတ်(၂)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖိုးစံမှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်နှင့် အမ်းမြို့နယ်များမှ (၁)ဘာသာဂုဏ်ထူးရှင်များကိုယ်စား(၄)ဦးအားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထူးချွန်စွာ အောင်မြင်ခဲ့ကျသော ကျောင်းသား/သူများအား (၅)ဘာသာဂုဏ်ထူးရှင်တစ်ဦးလျှင်(၁၅)သိန်း၊ (၄)ဘာသာဂုဏ်ထူးတစ်ဦးလျှင်(၈)သိန်း၊ (၃)ဘာသာဂုဏ်ထူးတစ်ဦးလျှင်(၄)သိန်း၊ (၂)ဘာသာဂုဏ်ထူးတစ်ဦးလျှင်(၁)သိန်း၊ (၁)ဘာသာဂုဏ်ထူးတစ်ဦးလျှင်(၅)သောင်း၊ ပြည်နယ်အဆင့်ဝိဇ္ဇာဘာသာတွဲတွင်(ပထမ)ရရှိသူအား(၅)သိန်းကျပ်ချီးမြှင့်ခဲ့ကာ စုစုပေါင်း ငွေကျပ်(၁၉၁၅၀၀၀၀)တိတိချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ဂုဏ်ထူးရကျောင်းသား/သူများကိုယ်စား (၅)ဘာသာဂုဏ်ထူးရှင် မောင်စွမ်းဇေယျာထက်မှ ကျေးဇူတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားကို ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ဆုရရှိသော ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ လူမှုအရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အ.ထ.က(၁)မှ ကျောင်းသား/ကျောင်းသူများမှ ''မဟာနွယ်" သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရပါသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments:

Post a Comment