Tuesday, July 11, 2017

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၈)ရက်မြောက်နေ့ ကျင်းပ



နေပြည်တော် ဇူလိုင် ၁၀
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ မေးခွန်း(၆)ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခု ဖတ်ကြားတင်ပြခြင်းနှင့် အစီရင်ခံစာ(၁)ခု ဆွေးနွေး အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး(၁၃)ရုံးအား မြန်မာနိုင်ငံသားများအတွက် လက်လီဝန်ဆောင်မှုကို မည်သည့် နေ့တွင် ခွင့်ပြုမည်ဖြစ်ကြောင်းကြေညာရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ယခုခွင့်ပြုထားသည့် နိုင်ငံခြားဘဏ် ၁၃ ဘဏ်သည် ကိုယ်စားလှယ်ရုံးများမဟုတ်ပါကြောင်း၊ ယင်း ၁၃ ဘဏ်ကို နိုင်ငံခြားဘဏ်ခွဲများ အနေဖြင့် ဘဏ်လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုပေးထားပါကြောင်း။
မြန်မာနိုင်ငံတွင်  နိုင်ငံခြားဘဏ်ခွဲများ စတင်လုပ်ငန်းလည်ပတ်သည့် အချိန်မှာ (၂)နှစ်သာ ရှိသေးပါကြောင်း၊ ယင်းအချိန်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ကန့် သတ်ထားသည့်ကန့်သတ်ချက်များကို ပထအကြိမ်၊ ဒုတိယအကြိမ် ဖြေလျှော့ပြီးဖြစ်ပါကြောင်း၊ တတိယအကြိမ်ဖြေလျှော့ရန်လည်း စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ နိုင်ငံခြားဘဏ်များ အနေဖြင့် လက်လီဘဏ်လုပ်ငန်းဆောင်ရွက်ရန် အဓိကအရေးကြီးသည့် အချက် ၂ ချက်ရှိပါ ကြောင်း၊ နိုင်ငံအနှံ့အပြားတွင် ဘဏ်ခွဲများရှိနေရန်နှင့် E-Banking စနစ်ဆောင်ရွက်နိုင်မှု ရှိနေရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားဘဏ်များအနေဖြင့် E-Banking စနစ်များရှိသော်လည်း နိုင်ငံအနှံ့ဘဏ်ခွဲများရှိရန် လိုအပ်နေဆဲဖြစ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း လက်လီ ဘဏ်လုပ်ငန်းကိုပြည်တွင်းဘဏ်များကသာ ထိရောက်အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင် သည်ကို တွေ့ရှိရပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားဘဏ်များအပေါ်ထားရှိသည့် ကန့်သတ် ချက်များကို တစ်ဆင့်ချင်း ဖြေလျှော့သွားမည် ဖြစ်ပါကြောင်း၊ တတိယအကြိမ်ဖြေလျှော့မှုအပြီး စတုတ္ထအကြိမ်ဖြေလျှော့မှုတွင် နိုင်ငံခြား ဘဏ်များကို   လက်လီဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြေလျော့ရာ တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်မှုအခြေအနေနှင့် ဗဟိုဘဏ်၏ ကြီးကြပ်စစ် ဆေးနိုင်သည့် အင်အားအပေါ်မူတည်၍ ဖြေလျှော့မှုများကို ယခုထက်ပိုမြန်ဆောင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၏ မြစ်ချောင်းကမ်းထိန်းနံရံများ၊ ရေကာတာများ တည် ဆောက်ရာတွင် နိုင်ငံတော်၏ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် ရေရှည်ခိုင် ခံ့၍ အကျိုးရှိသောကမ်းထိန်းနံရံများ၊ ရေကာတာများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုးက ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရန်ပုံငွေတင်ပြ တောင်းခံမှုနှင့်ခွဲဝေရရှိမှု အခြေအနေများအရ ကန့်သတ်ချက်များစွာရှိပါကြောင်း၊ ရန်ပုံငွေ များစွာသုံးစွဲရသည့် အာမခံရှိသောဒီဇိုင်းများဖြင့် ဆောင်ရွက်ရမည့်အစား ထပ်မံတိုက်စားမှု မခံရစေရေးနှင့် ရန်ပုံငွေ ချွေတာရေးမူဖြစ်သော Low Cost Design မူဖြင့် ဆောင်ရွက် သည့်စနစ်ကို ကျင့်သုံးခဲ့ရပါကြောင်း။
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ အာမခံချက်ရှိသော ဒီဇိုင်းများဖြစ်ထွန်းရေး အတွက် ကုန်ကျစရိတ်ကို အခြေခံမထားသည့် စနစ်ကို ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာနည်းပညာအကူအညီများ၊ ကွန်ပျူတာ အသုံးချမှု နည်းစနစ်များဖြင့် အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ပြီး လုံလောက်သော ရန်ပုံငွေများ ခွင့်ပြုပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေရှည်ခိုင်ခံ့သော ကမ်းထိန်းနံရံများ၊ ရေကာတာများ ဖြစ်စေရန်အတွက် ဒီဇိုင်းတွက်ချက်ရာတွင် လိုအပ်သော အချက်အလက်များဖြစ်သည့် မြေကြီး ဂုဏ်သတ္တိ (Soil Properties)အတွက် Soil test စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် ရေလမ်းကြောင်း အနေအထား သိရှိနိုင်ရန်အတွက် (Bathymetric Survey) မြစ်ချောင်းကြမ်းပြင်ကို လေ့လာ တိုင်းတာခြင်းများ ပြုလုပ်ပြီးမှသာ ဒီဇိုင်းရေးဆွဲပြီး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ သံတွဲ မဲဆန္ဒနယ်မှ ဦးမင်းကြည်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်တို့၏ က်သွယ်ရေးဝါယာ ကြိုးများအား ရှင်းလင်းပေးရေး၊ သံတွဲမြို့တွင် (ကညန)ရုံး ဖွင့်လှစ်ပေးရေး၊ National Database Center နှင့် ဒေသအနှံ့ ဆက်သွယ်နိုင်သည့် Network Line များ တည်ဆောက် ပေးရေးနှင့် ပြည်တွင်းစက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်မှုဆိုင်ရာ မေးခွန်းများကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက ကော်မတီသုံးသပ်ချက်တွင် ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးရခြင်း မရှိပါသဖြင့် တိုင်ကြားစာများအပေါ် သုံးသပ်ချက်များမှာ မှားယွင်းနိုင်သည်ဟု ဖော်ပြထားချက်သည် မှန်ကန်ပါကြောင်း၊ ရေးရာကော်မတီအနေဖြင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းမှု ပြန်လည်စိစစ်ရေး လုပ်ငန်းတွင် အဓိက ဆောင်ရွက်ရန် တာဝန်ပေးထားသဖြင့် ဖြေရှင်းရေးအထောက်အကူအဖွဲ့ တိုးချဲ့ဖွဲ့စည်းတာဝန် ပေးဆောင်ရွက်သင့်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် အမိန့်ညွှန်ကြားချက်များဖြင့် ဖြေရှင်းနေသော်လည်း အောက်ခြေ မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်များတွင် မှန်ကန်မျှတမှု အားနည်းလျက်ရှိပါသဖြင့် ကော်မတီအား တိုးချဲ့ဖွဲ့စည်းတာဝန်ပေး၍ ထိန်းကျောင်း ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းက ယခုအချိန်အထိ ဥပဒေနှင့်မညီသည့် သိမ်း ဆည်းမြေများကို စစ်ဆေး တွေ့ရှိနေရပါကြောင်း၊ မြို့နယ်၊ ခရိုင် မြေစစ်အဖွဲ့များထဲတွင် သိမ်း ဆည်းခဲ့သည့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ ပါရှိနေပါကြောင်း၊ စုံစမ်းစိစစ်မှတ်ချက်ပေးကြရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ မြေစစ်ကော်မတီ၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့် မကိုက်ညီသည့် အနာဂတ်စီမံချက်များကိုတင်ပြပြီး မြေပြန်မပေးလိုခြင်းများကို တွေ့ရှိနေရပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် အစီရင်ခံစာနှင့်စပ်လျဉ်း၍ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် မော်လိုက်မဲဆန္ဒ နယ်မှ ဒေါ်ချိုချိုဝင်းတို့က ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏အစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်း တောင်းခံခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့မွန်းလွဲပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေး (၂၉)ရက်မြောက်နေ့ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။
ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment