နေပြည်တော်
ဇူလိုင် ၁၀
ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမပုံမှန်
အစည်းအဝေး ၂၇ရက်မြောက် နေ့ကို ယနေ့မွန်းလွဲ ၁နာရီခွဲ တွင် နေပြည်တော်ရှိ အမျိုးသား
လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ
ဦးဝေစိန်အောင်၏ ရခိုင်ပြည်နယ် နည်းပညာတက္ကသိုလ်
(စစ်တွေ)၏ ပင်မသုံးထပ်ဆောင် အဆောက် အအုံမှာ အကြိမ်ကြိမ် ပြုပြင်ခဲ့သော်လည်း ယခုတိုင်
အသုံးပြု၍ မရနိုင်လောက်အောင် ပျက်စီးပြီး အန္တရာယ်ရှိနေပါသဖြင့် ပင်မ သုံးထပ်ဆောင် အဆောက်အအုံ
အသစ်တစ်ခု ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ အလျင်အမြန် ခွင့်ပြုပေးရန်
အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း
က နည်းပညာတက္ကသိုလ်(စစ်တွေ)ရှိ ပင်မသုံးထပ်ဆောင်အား (၂၀၀၈-၂၀၀၉) ဘဏ္ဍာရေးနှစ်တွင် ယခင်နယ်စပ်ဒေသနှင့်
တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့်
စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါ ပင်မသုံးထပ်ဆောင် စတင်ဆောက်လုပ်စဉ်က တည်းက ချို့ယွင်းချက်များစွာ
ရှိခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ပင်မသုံးထပ်ဆောင်ကို ပထမအကြိမ် ပြင်ဆင်မှုအဖြစ်
ဘဏ္ဍာရေးရန်ပုံငွေ ငွေကျပ် ၇၃၆သန်းဖြင့်လည်းကောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ဒေသကြီးကြပ်မှုနှင့်
ထပ်တိုးလုပ်ငန်းအဖြစ် ငွေကျပ် ၁၇၄သန်းဖြင့်လည်းကောင်း၊ ၂၀၁၂-၂၀၁၃ု ဘဏ္ဍာ ရေးနှစ်တွင်
ငွေကျပ်သန်း ၅၀၀ဖြင့်လည်းကောင်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၈၆သန်းဖြင့်လည်းကောင်း၊
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၆၆သန်းဖြင့် လည်းကောင်း အကြိမ်ကြိမ်ပြုပြင် ဆောင်ရွက်ခဲ့ပါကြောင်း။
ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးတွင် အမျိုးသားလွှတ်တော်၊
ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
စဉ် ပင်မသုံးထပ်ဆောင်နှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြခဲ့ပါကြောင်း၊ ဆွေးနွေး တင်ပြချက်များအရ
အဆိုပါ သုံးထပ်ဆောင်သည် အကြိမ်ကြိမ် ပြုပြင်ခဲ့သော်လည်း ကောင်းမွန်လာရန် အလားအလာ မရှိကြောင်းနှင့် အသစ်ဆောက်လုပ်ရန်
လိုကြောင်း ကော်မတီအနေဖြင့် ဆွေးနွေး အတည်ပြုချက် ရရှိပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာ
ဝန်ကြီးဌာနမှ တည်ဆောက်စဉ်တွင် ဒေသသုံး ဆောက်လုပ်ရေး ပစ္စည်းများ၏ အရည်အသွေးကို မစိစစ်ခြင်းသည်
အဓိကအချက် ဖြစ်ပါကြောင်း၊ အသုံးပြုသည့် သဲများ၊ ကျောက်များနှင့် အုတ်များအားလုံးသည်
ဆားဓာတ် ပါဝင်နှုန်းမြင့်မားသည့် အတွက် ခိုင်ခံ့မှု လျော့နည်း လာသည်ကို တွေ့ရှိရပါကြောင်း။
အဆိုပါ သုံးထပ်ဆောင်အား ပြင်ဆင်ခြင်း
ဆက်လုပ်ရန် အစီအစဉ် မရှိတော့ပါကြောင်း၊ အသစ် ဆောက်လုပ်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေအား
လာမည့်၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျာထား ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ
ဦးဝင်းမောင်နှင့် ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေတို့၏ မေးခွန်းများနှင့်
စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် နှင့်
ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း တို့က ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်
အတည်ပြုပြီး ပေးပို့လာ သော တူးမြောင်း ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဥပဒေကြမ်း
ကော်မတီဝင် ဒေါ်နန်းနီနီအေး က ပြန်လည် ဖတ်ကြား ရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ
ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည် ပြုသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ကို ပြင်ဆင်သည့်
ဥပဒေကြမ်း (၂၀၁၇)နှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ
အလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်
ဦးမော်သန်းက ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇)အား
အတည်ပြုရန် အဆို တင်သွင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၆)မှ ဦးမောင်မောင်လတ်က
ထောက်ခံဆွေးနွေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား
လွှတ်တော် ၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ
(စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး)
ဒေါက်တာ ၀င်းမြင့်က မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး
နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး
ဆင်းရဲမှု လျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ
ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင် ရာ တက္ကသိုလ်ကြီးတစ်ခု
(Fishery University)ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုး ရအား တိုက်တွန်းကြောင်း
အဆိုတင်သွင်းရာတွင် မိမိတို့နိုင်ငံသည့် ငါးများကို မွေးမြူရေးလုပ်ငန်းမလုပ်နိုင်သေးဘဲ
ဖမ်းဆီးရေးကိုသာ အဓိကထားပြီး လုပ်ကိုင်နေရ သောကြောင့် တိုးတက်မှု နည်းနေသေးပါကြောင်း၊
အခြားနိုင်ငံများသည် မွေးမြူရေးကို အဓိကထားလုပ်ကိုင်နေကြပါကြောင်း၊ တစ်နိုင်ငံလုံးတွင်
ငါး၊ ပုစွန်ကန် လုပ်ငန်းဧက ပေါင်း ၄၈၉၃၈၁ ဧက ရှိပါကြောင်း။
ကမ္ဘာပေါ်တွင် ငါးနှင့် ရေသယံဇာတ ပိုင်ဆိုင်မှုမှာ
မြန်မာနိုင်ငံသည် အဆင့် ၁၄ တွင် ရှိပါကြောင်း၊
ပြည်တွင်း တွင် မြစ်ချောင်းများ ကောလာခြင်း၊ ပိုက်စိတ်တိုက် ဖမ်းဆီးခြင်း၊ ဆေးပြားချခြင်း၊
လျှပ်စစ်နှင့် တို့၍ဖမ်းဆီးခြင်း၊ ဒီရေတောများ ပျက်စီးခြင်း၊ စက်လှေများနှင့် အလွန်အမင်းဖမ်းဆီးခြင်းတို့ကြောင့်
ငါးသယံဇာတများ ပြုန်းတီး နေပါကြောင်း၊လူသားများအတွက် အသားထုတ်လုပ် မှုများထဲတွင် ငါးကဏ္ဍသည်
အများဆုံးဖြစ်သဖြင့် နိုင်ငံတော်အတွက်လည်း ပိုမိုထုတ်လုပ်နိုင်စေရန် ငါးလုပ်ငန်းဆိုင်
ရာ တက္ကသိုလ် လိုအပ်နေပါကြောင်း ပြောကြားသည်။
ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး
၂၈ရက်မြောက်နေ့ ကို ဇူလိုင်လ ၁၂ရက် တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့် (သတင်းစဉ်)
No comments:
Post a Comment