Wednesday, July 5, 2017

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ



နေပြည်တော် ဇူလိုင် ၎
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်းနှင့် မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်း ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော အထူးကုန်စည်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက အထူးကုန်စည်ခွန် ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက် နိုင်ခဲ့ခြင်းသည် နိုင်ငံတော် အတွက် အခွန်ကောက်ခံရရှိမှုကို များစွာ အထောက်အကူ ပြုခဲ့ပါကြောင်း၊ အခွန်ဆိုင်ရာ ဥပဒေတစ်ရပ်သည် ဘက်ပေါင်းစုံမှ သုံးသပ်၍ သိမ်မွေ့စွာ ဆောင်ရွက်သင့်ပါကြောင်း၊ ဥပဒေတစ်ရပ် ပြင်ဆင်ရာတွင် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းရှင်များ အတွက် အခွန်တာဝန်ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ ချောမွေ့စွာ ဆက်လက် ကူးပြောင်း ထမ်းဆောင်နိုင်ရေးကိုလည်း ထည့်သွင်း စဉ်းစားထား ရှိပါကြောင်း လွှတ်တော်သို့ ရှင်းလင်း တင်သွင်းသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီအရင်ခံစာကို  ကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ဖတ်ကြား တင်ပြသည်။
ယင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသော တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးကျော်စိုးလင်းက ဖတ်ကြား တင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေး​နှစ် ဒုတိယ ၆ လပတ် လျာထားချက် အပေါ် အခွန်ကောက်ခံ ရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်တွင် အခွန်အကောက်ရငွေအတွက် လျာထားချက်မှာ ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ ငွေကျပ် ၆၅၁၂ ဒသမ ၇၀၄ ဘီလီယံ ဖြစ်ပါကြောင်း၊  ဒုတိယ ၆ လပတ် အတွက် လျာထားချက်မှာ ငွေကျပ် ၄၃၇၀ ဒသမ ၈၇၀ ဘီလီယံ ဖြစ်ပြီး ကောက်ခံရရှိမှုမှာ ငွေကျပ် ၄၅၇၃ ဒသမ ၉၀၄ ဘီလီယံ ဖြစ်ပါကြောင်း၊  ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန် အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၁၂၆၇ ဒသမ ၄၇၈  ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၁၃၄၀ ဒသမ  ၈၃၅ ဘီလီယံ ဖြစ်ပါကြောင်း၊  လျာထားချက်ကို ပြည့်မီ ကျော်လွန်ရသည့် အကြောင်းအရင်းမှာ နိုင်ငံပိုင်ကဏ္ဍမှ ယခင်နှစ်ထက် ပိုမိုကောက်ခံ ရရှိခဲ့ခြင်း၊  ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်နှင့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေး နှစ်များအတွင်း နိုင်ငံပိုင် လုပ်ငန်းများက ရယူခဲ့သော ၀န်ဆောင်မှုများ အတွက် ကျသင့်အခွန်များကို စုစည်း ပေးသွင်းခဲ့ခြင်း တို့ကြောင့် ဖြစ်ပါကြောင်း။
ကုန်သွယ်ရေး ဦးစီးဌာနမှ ကောက်ခံသည့် သွင်းကုန် လိုင်စင်များ အတွက် ဒုတိယ ၆ ပတ် လျာထားချက်မှာ ငွေကျပ် ၂ ဒသမ ၀၉၇ ဘီယီယံဖြတ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၃ ဒသမ ၉၂၆ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆု အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၂၂ ဒသမ ၇၄၂ ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၂၂ ဒသမ ၈၇၀ ဘီယီယံ ဖြစ်ပါကြောင်း၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကောက်ခံသည့် မော်တော်ယာဉ်၊ ယာဉ်မောင်း လိုင်စင်၊ လုပ်ငန်း လိုင်စင်ဆိုင်ရာ အခငွေများ အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၁၂၉ ဒသမ ၆၉၁ ဘီလီယံ ဖြစ်ပြီး ကောက်ခံ ရရှိမှုမှာငွေကျပ် ၁၇၀ ဒသမ ၄၂၅ ဘီလီယံ ဖြစ်ပါကြောင်း။
ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် အထူးကုန်စည်ခွန် အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၅၀၇ ဒသမ ၂၉၉ ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၆၃၆ ဒသမ ၃၂၂ ဘီလီယံ ဖြစ်ပါကြောင်း၊ အကောက်ခွန် ဦးစီးဌာနမှ ကောက်ခံသည့် အကောက်ခွန် အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၂၅၂ ဒသမ ၅၀၀ ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၂၅၈ ဒသမ ၁၀၄ ဘီလီယံ ဖြစ်ပါကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ကောက်ခံသည့် ငါးလုပ်ငန်းဆိုင်ရာ အခွန်အခ အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၀ ဒသမ ၆၃၀ ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိမှုမှာ ငွေကျပ် ၂ ဒသမ ၁၂၂ ဘီလီယံ ဖြစ်ပါကြောင်း၊ သတ္တုတွင်း ဦးစီးဌာနမှ ကောက်ခံသည့် ဓာတ်သတ္တုခွန်နှင့် ရတနာခွန် အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၁၀ ဒသမ ၄၁၆ ဘီလီယံဖြစ်ပြီး  ကောက်ခံရရှိငွေ ကျပ် ၂၀ ဒသမ ၁၈၆ ဘီလီယံ ဖြစ်ပါကြောင်း။
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ကောက်ခံသည့်  ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း အခွန်အခ အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၉၀ ဒသမ ၈၄၉ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိ ငွေကျပ် ၃၄၉ ဒသမ ၅၀၅ ဘီလီယံ ဖြစ်ပါကြောင်း၊  ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် တံဆိပ်ခေါင်းခွန် အတွက်  ဒုတိယ ၆ လပတ် လျာထားချက်မှာငွေ ကျပ် ၃၄ ဒသမ ၄၉၀ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ငွေကျပ် ၃၁ ဒသမ ၁၂၆ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကောက်ခံသည့် ၀င်ငွေခွန်အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၁၆၇၆ ဒသမ ၄၆၉ ဘီ လီယံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ငွေကျပ်  ၁၅၀၁ ဒသမ ၂၅၃ ဘီလီယံ ဖြစ်ပါကြောင်း၊ သစ်တော ဦးစီးဌာနမှ ကောက်ခံသည့် သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့် အတွက် သစ်တောခွန် အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၅ ဒသမ ၁၇၉ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိမှုမှာ ငွေကျပ် ၂ ဒသမ ၃၅၂ ဘီလီယံ ဖြစ်ပါကြောင်း။
လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာနမှ ကောက်ခံသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့် အခွန်အတွက် ဒုတိယ ၆ လပတ် လျာထားချက်မှာ ငွေကျပ် ၃၆၃ ဒသမ ၂၃၉ ဘီလီယံဖြစ်ပြီး ကောက်ခံရရှိငွေ ကျပ် ၂၂၈ ဒသမ ၀၄၈ ဘီလီယံ ဖြစ်ပါကြောင်း၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနမှ ကောက်ခံသည့် ရေအား အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အား ထုတ်ယူသည့် အတွက် အခမဲ့ရရှိသည့် ဓာတ်အားခ အတွက်  ဒုတိယ ၆ လ ပတ် လျာထားချက်မှာ ငွေကျပ် ၆ ဒသမ ၀၂၀ ဘီလီယံဖြစ်ပြီး ကောက်ခံ ရရှိငွေ ကျပ် ၅ ဒသမ ၄၁၀ ဘီလီယံ ဖြစ်ပါကြောင်း။
အနာဂတ် ကာလတွင် နိုင်ငံတော် အစိုးရ၏ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံ ရရှိသည့် အခွန်ငွေအပေါ် ရပ်တည် ဆောင်ရွက်ကြရမည် ဖြစ်သည့်အတွက် ရသင့် ရထိုက်သည့် အခွန်အကောက်များ ကောက်ခံရေးသည် အရေးကြီးသော ကိစ္စ ဖြစ်ပါကြောင်း၊  သို့ရာတွင် အခွန်ထမ်း ပြည်သူများ အတွက် ၀န်ထုတ်ဝန်ပိုး မဖြစ်စေရေး၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေ အပြည့်အဝ ရရှိရေးကို ချင့်ချိန်ပြီး သင့်တင့်မျှတစွာ ပြည်သူအများ လိုက်နာ ထမ်းဆောင် နိုင်သော အခွန်နှုန်းထား ဖြစ်စေရေး၊ ပြည်သူများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတ တိုးပွားပြီး အခွန်ကို လိုလားစွာ ထမ်းဆောင် လာစေရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသော အခွန် စနစ် ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှု ပပျောက်ရေး စသည်တို့ အတွက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။
၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေး​နှစ် ဒုတိယ ၆လပတ် လျာထားချက် အပေါ် အခွန် ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက် အစီအရင်ခံစာ (၈/၂၀၁၇)ကို  ကော်မတီ အဖွဲ့ဝင် ဦးအောင်မင်းက ဖတ်ကြား တင်ပြသည်။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာတွင်   ပြည်ထောင်စု၏ အခွန်အကောက် ရငွေတိုးတက်မှု ရှိသော်လည်း အခွန်ရငွေနှင့် ဂျီဒီပီ အချိုးနိမ့်ကျဆဲ ဖြစ်ပါကြောင်း၊ အခွန်ရငွေသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက မောင်းနှင်အား တစ်ရပ်ဖြစ်ရာ အခွန်ငွေ တိုးတက် ရရှိနိုင်ရေး အတွက်  ဥပဒေနှင့် အညီ ထိထိ ရောက်ရောက် ကောက်ခံနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ။
အခွန်ရငွေ တိုးတက် ရရှိနိုင်ရေး ဆောင်ရွက်ရာတွင် တည်ဆဲ အခွန်မူဝါဒများနှင့် အညီဖြစ်စေရေး၊ အခွန်ပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဘဏ္ဍာငွေ ကုန်ကျမှု သက်သာစေရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် သတင်းစာများ၏ အထူးထုတ် အချပ်ပို ကဏ္ဍများတွင် ထည့်သွင်း ပညာ ပေးနိုင်ပါကြောင်း၊ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပြဋ္ဌာန်းချက်နှင့် အညီ အခွန် ပေးဆောင် ထိုက်သူများ ဥပဒေနှင့်အညီ ခံစားနိုင်သော အခွန်ဆိုင်ရာ သက်သာခွင့်၊  ကင်းလွတ်ခွင့်များကို ပြည်သူများအား အသိပေးခြင်း၊ အခွန် ကောက်ခံရာတွင်  သက်သာခွင့်များနှင့် အညီ တွက်ချက် ခွင့်ပြုပေးခြင်း၊  အခွန်ဆိုင်ရာ တာဝန် ကျေပွန်သည့် အခွန် ၀န်ထမ်းများ၊ အခွန်ထမ်း ပြည်သူများအား အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သော ချီးမြှင့်မှုများ စီမံ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း ဖော်ပြထားသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော် သမ္မတထံမှ  သဘောထား မှတ်ချက်ဖြင့် ပြန်လည် ပေးပို့ ထားသော ၂၀၁၇ ခုနှစ် ရေခွန်နှင့် တာတမံခွန် ဥပဒေကြမ်းနှင့် လွှတ်တော် နှစ်ရပ် သဘော ကွဲလွဲသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်သည်။
မျိုးမြင့်၊ အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment