Wednesday, July 5, 2017

ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ဘာသာရပ်သင်တန်း အမှတ်စဉ် ၁/၂၀၁၇ ဖွင့်ပွဲအခမ်းအနား မန္တလေးမြို့၌ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၅
ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် လျက်ရှိရာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေပြီး ဟိုတယ်ဆိုင်ရာ ၀န်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီး ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း မန္တလေးဇုန်နှင့် ဒိုင်းမွန်းပဲလေ့(စ်)ကုမဏီတို့ ပူးပေါင်း ဖွင့်လှစ်သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း အမှတ်စဉ်(၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့၊ နံနက်(၉း၃၀) နာရီတွင် မန္တလေးမြို့၊ ဈေးချိုဟိုတယ်၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) မှ ဒုတိယညွှန်ကြားရေး မှူး ဦးအောင်ခိုင်သန်းနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဦးမင်းနိုင်တို့မှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြား ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ ဒိုင်းမွန်းပဲလေ့ (စ်)ဟိုတယ်ကုမဏီမှ ၀န်ထမ်းများနှင့် နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသူ/သင်တန်းသားများ တက်ရောက်ကြပါသည်။

ဖွင့်လှစ်သင်ကြားသည့် သင်တန်းများမှာ ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေးသင်တန်း၊ အစားအစာထုတ်လုပ်ရေး သင်တန်းနှင့် ဟိုတယ်ကြီးကြပ်ရေးမှူး (အဆင့်-၁) သင်တန်းတို့ဖြစ်ပြီး သင်တန်းကာလမှာရက်သတ္တပတ် (၅)ပတ် ကြာမြင့်မည်ဖြစ်ကာ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတို့အား စာတွေ့လက်တွေ့ လုပ်ငန်းခွင့်မပျက် (On Job Training) သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment