Thursday, July 20, 2017

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု သင်တန်းဖွင့်လှစ်





မြိတ်   ဇူလိုင်   ၂၀
ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ဆောင်ရွက်လျက်ရှိသူများနှင့် ဆောင်ရွက်လိုသူများအား ဇူလိုင်လ(၂၀)ရက် နံနက်(၉)နာရီက မြိတ်မြို့ ကန်ဖျားရပ် မြေနီလမ်း ထန်းလေးပင်ကျောင်းတွင် သစ်တောဦးစီးဌာနမှကြီးမှူး၍ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်စေရန် နှင့် သစ်တောများမှရရှိသော အကျိုးကျေးဇူးများ နားလည်သိရှိသဘောပေါက်စေရန် ရည်ရွယ်၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အမှတ်စဉ်(၁)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင်  မြန်မာ့သစ်တောမူဝါဒနှင့် သစ်တောများမှ ပေးသော အကျိုးကျေးဇူးများ၊ သစ်တောစိုက်ခင်းနှင့်ပျိုးဥယျဉ် တည်ထောင်ခြင်း၊  သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ သစ်တောသယံဇာတစာရင်း ကောက်ယူခြင်း၊ သဘာဝမြေသြဇာ ပြုလုပ်နည်း(စာတွေ့လက်တွေ့)၊ သစ်နှင့်သစ်တောထွက် ပစ္စည်းထုတ်လုပ်ခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာများနှင့် စိန်ခေါ်မှုများ စသော ဘာသာရပ်များ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သင်တန်းကို မြိတ်ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဘခင်မှ အမှာစကားပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပြီး သင်ခန်းစာ စတင်ပို့ချခဲ့သည်။ သင်တန်းကို ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင် ဆောင်ရွက်လျက် ရှိသူများနှင့် ဆောင်ရွက်လိုသူ မြိတ်၊ ကျွန်းစု၊ တနင်္သာရီမြို့နယ်များမှ သင်တန်း သား(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ(၅)ဦးက ဇွန်လ(၂၀)ရက်မှ (၂၄)ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
           

No comments:

Post a Comment