Wednesday, July 5, 2017

မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၅
ထိုင်းနိုင်ငံအစိုးရအဖွဲ့က ရှာဖွေဖမ်းဆီးမှုများကို ရက်ပေါင်း ၁၂၀ ရပ်တန့်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်ကို မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတဆင့် သိရှိရပါကြောင်း၊ အဆိုပါ ဖမ်းဆီးမှုများကို ယခုနှစ်ကုန်သည်အထိ ရပ်တန့်ထားမည် ဟု တရားဝင်ထုတ်ပြန်ထားသည်ကိုလည်း ထပ်မံသိရှိရပါကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ထိုင်းနိုင်ငံနှင့်မလေးရှားနိုင်ငံတို့သို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားများသည် အိမ်နီးချင်းနိုင်ငံများသို့ သာမက အခြားသော နိုင်ငံများသို့လည်းသွားရောက်၍ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေကြပါကြောင်း၊ မကြာသေးမီက ထိုင်းနိုင်ငံတွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသား အလုပ်သမားများစီမံခန့်ခွဲရေး ဥပဒေသစ်အရ အရေးယူ ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် တရားဝင်လုပ်သားများအပါအ၀င် တရားမ၀င် လုပ်သားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံခြားသား အလုပ်သမားများစီမံခန့်ခွဲရေး ဥပဒေသစ် စတင်အာဏာမသက်ရောက်မီ ကတည်းက ထိုင်းနိုင်ငံရှိ တရားမ၀င်ရွှေ့ပြောင်းလုပ်သားများကို တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ အလုပ်ရှင်လွဲမှားသူများကို သတ်မှတ်ထားသည့် အလုပ်ရှင်နှင့် ကိုက်ညီရန် ပြန်လည်ဆောင်ရွက် စေခြင်းနှင့် ထိုင်းနိုင်ငံအလုပ်သမားဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့က  သတ်မှတ်ထားသည့်  အချက်အလက်များနှင့် ပြည်စုံညီညွှတ်အောင် ဆောင်ရွက်ကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဆောင်၍ ကြိုတင်အသိပေး ကြေညာ ခဲ့ပါကြောင်း၊ အလားတူ ထိုင်းနိုင်ငံရှိ အလုပ်သမားရေးရာများကို ဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများ ကလည်း သတင်းအချက်အလက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ကြပါကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမားရေးရာ ဥပဒေသစ် သည် ဇွန် ၂၂ ရက်က စတင် အသက်ဝင်ခဲ့သဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့နိုင်ငံအတွင်းရှိ တရားမ၀င် အထောက်အထားကင်းမဲ့သူများကို စုံစမ်းရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသားများသာမက လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ လုပ်သားအချို့လည်း ဖမ်းဆီးခံကြရသည်ကို သိရှိရပါ ကြောင်း။
ထိုသို့ ဖမ်းဆီးမှုများသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ၏ လုပ်သားများအကျိုးကို ထိခိုက်စေပြီး သက်ဆိုင်ရာ နိုင်ငံများကို အကျိုးသက်ရောက်စေသည့်အတွက် ဖမ်းဆီးထိန်းသိမ်းမှုများကို ညင်သာစွာဆောင်ရွက်ရန်၊ ရွှေ့ပြောင်းလုပ်သားများ၏ အခက်အခဲများအတွက် ပြင်ဆင်ချိန်ပေးနိုင်ရန်နှင့် ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာလုပ်သားများကို တရားဝင် ပြန်လည်ခေါ်ယူနိုင်ရန်  နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသို့ ဇွန်လ ၂၉ ရက်တွင် တရားဝင်အကြောင်းကြားခဲ့ပါကြောင်း၊ ဇွန် ၃၀ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ထိုင်းအလုပ်သမားရေးရာ ၀န်ကြီးဌာန တာဝန်ရှိသူနှင့် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနတို့ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာရွှေ့ပြောင်း လုပ်သားများ အရေးကို အလေးအနက်ထား ဆွေးနွေးခဲ့ပါကြောင်း။
ယနေ့နံနက်ပိုင်းအထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း  ၃၄၀၆၉ ယောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါ ရွှေ့ပြောင်းလုပ်သားများကို တပ်မတော်၊ လူမှုရေးအသင်းဖွဲ့များနှင့် တာဝန်ရှိသူများ က နွေးထွေးစွာကြိုဆိုခဲ့ကြပါကြောင်း၊ ပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သားများထံမှ မည်သည့်ငွေကြေးမျှ ကောက်ခံခြင်းမပြုရန် ညွှန်ကြားထားပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ သွားလိုသည့် နေရာများသို့ သွားရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးကုသမှုများနှင့် ဆေးစစ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွှေ့ပြောင်းလုပ်သားများတရားဝင် လက်ခံနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံ၌လည်း တရားမ၀င်လုပ်သားများ ဖမ်းဆီးထိန်းသိမ်းခြင်း ဆောင်ရွက် နေသည်ကို သိရှိရပါကြောင်း၊ မလေးရှားနိုင်ငံ၌ တရားဝင် လုပ်သား အပါအ၀င် တရားမ၀င်လုပ်သား ၅ သိန်းခန့် ရောက်ရှိ နေသည်ဟု ခန့်မှန်းထားပါကြောင်း၊ မလေးရှားနိုင်ငံတွင် လုပ်သားများလုံခြုံမှု အခြေအနေစိုးရိမ်ရသည့်အတွက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစ၍ အလုပ်သမားစေလွှတ်မှုကို ခေတ္တရပ်ဆိုင်းထားပါကြောင်း၊ မလေးရှားနိုင်ငံရှိ နိုင်ငံသား လုပ်သား များ လုံခြုံမှုအခြေအနေကို မေးမြန်းစိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မလေးရှားနိုင်ငံသို့ လုပ်သားများပြန်လည် စေလွှတ်နိုင်ရန် စနစ်တကျစီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မလေးရှားနိုင်ငံတွင် တရားမ၀င်လုပ်သား ၁၀၃၅ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရမှုများတွင် မြန်မာရွေ့ပြောင်းလုပ်သား ၁၀၂ ဦးပါဝင်နေသည်ကို သိရပါကြောင်း၊ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးအနေဖြင့် အဆိုပါ ကိစ္စကို အနီးကပ်စောင့်ကြည့်လျက်ရှိပြီး နိုင်ငံသားလုပ်သားများ အကောင်းဆုံးအခြေအနေသို့ ရောက်ရှိစေရန် မလေးရှားနိုင်ငံတာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိပါ ကြောင်းနှင့် လုပ်သားများအတွက် ကူညီစောင့်ရှောက်မှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးတင့်နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှရဲမှူးကြီး ၀င်းကြည် တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးတင့်နှင့် ရဲမှူးကြီး ၀င်းကြည်တို့က ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment