Tuesday, July 25, 2017

စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံး စက်ကိရိယာများ ပေးအပ်



မြစ်ကြီးနား    ဇူလိုင်     ၂၄
ကချင်ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ အသေးစား အရင်းအနှီးချေးငွေနှင့် လယ်ယာသုံးစက်ကိရိယာများ ပေးအပ်ပွဲ၊ သမဝါယမလုပ်ငန်းများတွင် အကောင်းဆုံးစွမ်းဆောင်နိုင်သည့် မြို့နယ်များ၊ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် အကောင်းဆုံးဆောင်ရွက်နိုင်သည့် သမဝါယမ အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် (၉)နာရီ (၃၀) မိနစ်တွင် မြစ်ကြီးနားမြို့ မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြည်နယ် သမဝါယမ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်၊ မြို့နယ်(၁၃)မြို့နယ်တို့အတွက် အသေးစား အရင်းအနှီးချေးငွေကျပ်သန်း (၁၇၂၉၄.၀၃၄)ကို လည်းကောင်း၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့က ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမလုပ်ငန်းများတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည့် ဖားကန့်၊ ပူတာအို၊ ဝိုင်းမော်မြို့နယ်တို့နှင့် သမဝါယမ ကဏ္ဍ(၃)ရပ်တွင် ထုတ်လုပ်မှု ကဏ္ဍ အကောင်းဆုံး အသင်းဆုရ ဝိုင်းမော်မြို့နယ် မနောမြန်မာရက်ကန်းကုန်ထုတ်သမဝါယမအသင်းလီမိတက်၊ ဝန်ဆောင်မှုကဏ္ဍ အကောင်းဆုံးအသင်းဆုရ မြစ်ကြီးနားမြို့နယ် ခရိုင်ဝန်ထမ်းပေါင်းစုံ(GEC) သမဝါယမအသင်း (လီမိတက်)နှင့် ကုန်သွယ်မှုကဏ္ဍအကောင်းဆုံးအသင်းဆုရ မိုးညှင်းမြို့နယ် ဝန်ထမ်းပေါင်းစုံ (GEC)သမဝါယမအသင်း(လီမိတက်)တို့အတွက်လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက သမဝါယမ အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူထားသည့် လယ်ယာသုံး စက်ကရိယာများအား ပြည်နယ် သမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးဝင်းနိုင်ထံ လွှဲပြောင်းပေးအပ်ပြီး အသင်းသားများကိုယ်စား ဦးအောင်ဘိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် သမဝါယ အသင်းသူ/အသင်းသားများက သမဝါယမကဏ္ဍ လှုပ်ရှားမှု မှတ်တမ်းပြခန်းနှင့် အရစ်ကျစနစ်ဖြင့် ရောင်းချပေးသည့် လယ်ယာသုံး စက်ကိရိယာများ၊ လက်တွန်းထွန်စက်၊ ထွန်စက်နှင့် မော်တော်ယာဉ်များကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခုနှင့် မြို့နယ်(၁၃)မြို့နယ်တို့မှ အခြေခံအသင်းပေါင်း (၄၈၇)သင်း၊ အသင်းသားဦးရေ(၄၃၂၀၇)ဦးတို့ထံ အသေးစား အရင်းအနှီးချေးငွေကျပ်သန်း (၁၇၂၉၄.၀၃၄)နှင့် လယ်ယာသုံး စက်ကိရိယာ (၁၄၁)ခုအတွက် ပံ့ပိုးချေးငွေကျပ်သန်း(၃၈၈.၅၇၉) စုစုပေါင်းငွေကျပ်သန်း (၁၇၆၈၂.၆၁၃)ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment