Tuesday, July 11, 2017

ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ် ပေးအပ်လှူဒါန်းပွဲကျင်းပ

နေပြည်တော် ဇူလိုင် ၁၁
ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးခေါင်းလောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံငယ်သုံးလုံးအား လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသားပြတိုက်(နေပြည်တော်) ၌ ကျင်းပသည်။

အခမ်းအနားတွင်ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးခေါင်းလောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မစ္စစ်စဲကိုတာကစဲ က ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်း ပုံစံငယ်အား လှူဒါန်း ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ယခုကဲ့သို့ ငြိမ်းချမ်းရေးကို ရည်ရွယ်လှူဒါန်းခြင်းသည် မွန်မြတ်၍ တန်ဖိုးရှိလှသည့် လုပ်ဆောင်မှုတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ အကြား ဆက်ဆံရေးကိုလည်း တိုးမြှင့်နိုင်သကဲ့သို့ ငြိမ်းချမ်းရေးခေါင်းလောင်းသည် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးကို တိုးမြှင့်ပေးနေသည့် အခြေခံတွန်းအားတစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး ခေါင်းလောင်းလှူဒါန်းမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ငြိမ်းချမ်းရေးခေါင်းလောင်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုထံသို့ ကုလသမဂ္ဂငြိမ်းချမ်းရေး ခေါင်းလောင်းပုံစံ ငယ်သုံးလုံးအား ပေးအပ်သည်။
ယခုလှူဒါန်းသည့် ခေါင်လောင်းပုံစံငယ်မှာ အလေးချိန် (၄)ကီလိုဂရမ်၊ အချင်း (၁၅၀) မီလီမီတာ၊ အမြင့် (၂၆၅) မီလီမီတာ ရှိပြီး နိုင်ငံပေါင်း (၆၅)နိုင်ငံမှ လှူဒါန်းသည့် ရှေးဟောင်းဒင်္ဂါးများ၊ ဂျပန်ဓားများ၊ ကျဉ်ဆံခွံများ၊ ကြေးတံဆိပ်များပေါင်းစု သွန်းလုပ်ခဲ့ကာ တစ်ကမ္ဘာလုံးငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲပါစေဟူသည့် ခန်းဂျီစာလုံး (၈)လုံးကို ရေးထိုးထားကြောင်းနှင့် ၁၉၅၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ကုလသမဂ္ဂသို့ အဆိုပါ ခေါင်းလောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း၊ ပထမဦးဆုံး ခေါင်းလောင်းပုံစံငယ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ဖူးကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment