Sunday, June 11, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8တွင် ပါရှိသွားသူများ၏ ကျန်ရစ်သူများ အတွက် စေတနာရှင် အလှူရှင်များက အလှူငွေပေးအပ်လှူဒါန်းပွဲ တက်ရောက်



နေပြည်တော် ဇွန် ၁ဝ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ ၌ ကျင်းပသည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8တွင် ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများ အတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက် အမှာစကားပြောကြား သည်။

တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 ပျက်ကျခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဇွန် ၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စတင်သတင်းရရှိမှု၊ ယင်းလေယာဉ် တွင်ပါရှိသည့်ဆီဖြင့် မောင်းနှင်နိုင်သည့် အချိန်အထိ သတင်းစောင့်ဆိုင်းခဲ့ပြီး တစ်ချိန်တည်းတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင် လုပ်ဆောင်ခဲ့မှု၊ လေယာဉ်ပျောက်ဆုံးကြောင်း သေချာသည့်အချိန်မှစ၍ သတင်းထုတ် ပြန်ခဲ့မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
လက်ရှိအခြေအနေတွင် လေယာဉ် အစိတ်အပိုင်းတချို့နှင့် ရုပ်အလောင်း ၃၃ လောင်း ရှာဖွေတွေ့ရှိထားပြီး ဆိုးရွားသည့်ရာသီဥတုအတွင်း ခက်ခက် ခဲခဲဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နေပြီး မိမိနိုင်ငံ ပိုင်နက်အတွင်း ပျက်ကျခြင်း၊ အထောက် အထားတချို့ ရရှိနေခြင်းတို့ကြောင့် မကြာမီ ပျက်ကျလေယာဉ်အား ရှာဖွေ တွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ရှင်းလင်းပြောကြား၍ သတင်းဌာန တချို့မှ အတည်မပြုနိုင်သည့် ကောလာ ဟလသတင်းများ ရေးသားဖော်ပြခဲ့မှု၊ လူမှု ကွန်ရက်တချို့၌ လေယာဉ်ပေါ်တွင် ပါရှိသွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျန်ရစ်သူမိသားစုများ အပေါ် ထိခိုက်နစ်နာစေသည့် ရေးသား ဖော်ပြမှုများ မပြုလုပ်သင့်ကြောင်း ထည့်သွင်းပြောကြားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး (ငြိမ်း)နှင့်ဇနီး ဗိုလ်မှူး ဒေါ်မြမြစန်း(ငြိမ်း)မိသားစုက ငွေကျပ် သိန်း ၃ဝဝ၊ တပ်မတော်အရာရှိကြီးများ မိသားစုက ငွေကျပ် ၄၃၁ သိန်း၊ ဒုတိယ တပ်မတော်အရာရှိချုပ်များနှင့် မိသားစု များက ငွေကျပ် ၁၅၈ သိန်း၊ တိုင်း၊ တပ်မ များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လှူဒါန်းငွေကျပ် ၂၉၉၇ သိန်းကို အသီးသီးပေးအပ်လှူဒါန်းရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူ သည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက ငွေကျပ် ၁၂၂ သိန်းအပါအဝင် အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းကြသည်။
ယနေ့ကျင်းပသည့် အလှူငွေ ပေးအပ်လှူဒါန်းပွဲတွင် စေတနာရှင် အလှူရှင်များ၏ အလှူငွေများပေးအပ် လှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၉၉ဝ၈ သိန်းကျော်ဖြစ်ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment