Sunday, June 11, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကရင်ပြည်နယ် အတွင်းရှိ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှုစစ်ဆေး



နေပြည်တော် ဇွန် ၁ဝ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်သို့ ရောက်ရှိကာ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများအား လှည့်လည် ကြည့်ရှု စစ်ဆေးပြီး ပြန်လည် စွန့်လွှတ်မြေများအား မူလတောင်သူနှင့် သက်ဆိုင်သူများထံ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။






ဒုတိယသမ္မတသည် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး၊ တာဝန် ရှိသူများနှင့်အတူ ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိပြီး ဘားအံ မြို့နယ် ထောင်ဝိကျေးရွာနှင့် တရုတ်လှကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြေနိမ့်လွင်ပြင်ဒေသ သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က တောင်သူများ ဝင်ငွေတိုးတက်ရေးနှင့် ပြည်နယ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့်  ပြန်လည် စွန့်လွှတ်မြေများ မူလတောင်သူနှင့် သက်ဆိုင်သူများထံ ပြန်လည် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက လယ်သမားများ၏ ဘဝမျှော်လင့်ချက်နှင့် ရပ်တည်မှု ဖြစ်သည့် လယ်ယာမြေများကို ပြန်လည် လွှဲပြောင်းပေးနိုင်ရန် အစိုးရအနေဖြင့် အထူးအလေးထား ဆောင်ရွက်နေပါကြောင်း။
သိမ်းဆည်း မြေယာများထဲမှ အသုံးမပြုတော့သည့် မြေယာများကို ပြန်လည် စွန့်လွှတ်ရာတွင် မူလပိုင်ရှင်များထံ မြန်မြန်ရောက်ရှိပြီး အကျိုးခံစားနိုင်ရေး အတွက် စိုက်ပျိုး ရာသီအမှီ အမြန် လွှဲပြောင်းပေးအပ်နိုင်ရန် အစိုးရအနေဖြင့် မူဝါဒ၊ လုပ်ငန်းစဉ်များ ချမှတ်ကာ စနစ်တကျ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေယာ ပြဿနာများကို လျင်လျင် မြန်မြန် ဖြေရှင်းနိုင်ရန် ဗဟိုကော်မတီ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် အဆောတလျင် ဦးစားပေး ဖြေရှင်းရမည့် သိမ်းဆည်းမြေ ဆိုင်ရာပြဿနာများ ကိုစုစည်းပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ ညှိနှိုင်း ဖြေရှင်းပေးလျက် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြန်လည် စွန့်လွှတ်မြေများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်ပေး သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ်စန်းဝင်းနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်တို့က မူလတောင်သူများနှင့် သက်ဆိုင်သူများထံ ယာယီလယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြုလက်မှတ်များကို လွှဲပြောင်း ပေးအပ်ကြသည်။
ယနေ့အခမ်းအနားတွင် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ စွန့်လွှတ်သော မြေဧရိယာ (၁၇ ဒသမ ၆၉)ဧကနှင့် စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်သော မြေဧရိယာ (၅၄ဝ ဒသမ ၄၇)ဧကကို တောင်သူ ၇၆ ဦးထံ ယာယီ လယ်ယာမြေ လုပ်ပိုင်ခွင့် ခွင့်ပြု လက်မှတ်များဖြင့် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရ သည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဘားအံမြို့၌ အမျိုးသား သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် လူ ၄ဝဝ ဆံ့ သဘာဝ ဘေးအန္တရာယ် ခိုလုံရာ အဆောက်အဦ ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုသည်။
ထို့နောက် ဘားအံမြို့ ပြည်သူ့ဝန်ဆောင်မှု (One Stop Shop) ရုံးသို့ရောက်ရှိပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ရုံးဌာန (၁ဝ)ခုဖြင့် ဝန်ဆောင်မှု ပေးနေသည့် အခြေအနေ၊ နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်သော လုပ်ငန်းများ၊ ၃ ရက်အတွင်း၊ တစ်ပတ်အတွင်း၊ နှစ်ပတ်အတွင်း ဆောင်ရွက် ပေးနိုင်သော ဝန်ဆောင်မှု ပေးနေသည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ဘားအံမြို့၌ တိုင်းရင်းသား လူမျိုးများရေးရာရုံးခွဲ တည်ဆောက်ရန် လျာထားသည့် မြေနေရာအား ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့သည် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာ သင်တန်းကျောင်း (ဘားအံ)သို့ ရောက်ရှိပြီး သင်တန်းကျောင်း ဆရာ၊ ဆရာမများ၊ သင်တန်းသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် သင်တန်း ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များနှင့် ဂျပန်နိုင်ငံ Tokyo Metropolitan ရှိ Joto Vocational Skills Development Centre အချက်အလက်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ဘားအံ) သင်တန်းဆင်းများ၏ ၈၃ ရာခိုင်နှုန်းသည် လုပ်ငန်းခွင်သို့ ဝင်ရောက်နေကြောင်း သိရသည့်အတွက် များစွာ ဝမ်းမြောက်ပါကြောင်း၊ ယခု သင်တန်းကျောင်းသည် ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး ရေးအတွက် များစွာ အထောက်အကူပြုပါကြောင်း၊ သင်တန်းသားများ အနေဖြင့် သင်ကြားပေးသည့် ပညာရပ်များကို အပြည့်အဝ ရရှိအောင် အကောင်းဆုံး သင်ယူပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယခု သင်တန်းကျောင်းများက သင်ကြားပေးလိုက်သည့် ပညာရပ်များကို ထိထိရောက်ရောက် အကျိုးရှိရှိ အသုံးချပြီး မိမိမိသားစု၊ မိမိဒေသနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်တန်းကျောင်း အလုပ်ရုံများအတွင်း သင်တန်းသားများအား လက်တွေ့ လေ့ကျင့် သင်ကြားပေးနေမှုကို လိုက်လံကြည့်ရှု အားပေးသည်။
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း (ဘားအံ)ကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် အာရှ ဂျပန်ပေါင်းကူး (Bridge Asia Japan)တို့ ပူးပေါင်း၍ ၂ဝ၁၃ ခုနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် သင်တန်း စတင် ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့သည် ဘားအံစက်မှုဇုန်သို့ ရောက်ရှိကြပြီး သိုးမွေးစက်ရုံ လုပ်ငန်းများ လည်ပတ်နေမှုနှင့် သိုးမွေးထည်များ ထုတ်လုပ်နေမှုကို ကြည့်ရှု လေ့လာသည်။
ထို့နောက် ဘားအံမြို့ ဘိုးဘွားရိပ်သာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြပြီး အဆောက်အဦများအား ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဘားအံ)သို့ ရောက်ရှိကြပြီး နည်းပညာရပ် သင်တန်းများနှင့် သက်မွေးပညာရပ် သင်တန်းများ လက်တွေ့လေ့ကျင့် သင်ကြား ပေးနေမှုများကို လိုက်လံ ကြည့်ရှုသည်။
အဆိုပါကျောင်းသည် ADRA-Myanmar၊ Norwegian Refugee Council၊ Swisscontact စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိသည်။ ၂ နှစ် သင်တန်းအနေဖြင့် အဆောက်အဦ နည်းပညာ သင်တန်း၊ လျှပ်စစ် နည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာ သင်တန်းနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ သင်တန်းများကို သင်ကြားပေးလျက် ရှိပြီး ကာလတိုသင်တန်း (၃ လသင်တန်း) အနေဖြင့် အခြေခံ ကွန်ပျူတာ သင်တန်း၊ အဆင့်မြင့် ကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့် မွမ်းမံ စက်ချုပ်သင်တန်း၊ အိမ်တွင်းလျှပ်စစ် ဝိုင်ယာသွယ်တန်းခြင်း သင်တန်း၊ စိုက်ပျိုးရေးသုံး စက်ကိရိယာများ ပြင်ဆင်တပ်ဆင်ခြင်း သင်တန်း၊ ဂဟေဆက်ခြင်းအတတ် ပညာသင်တန်း (Arc Welding)နှင့် (Gas Welding)၊ ဟိုတယ်ဧည့်ကြိုနှင့် အခန်းပြင်ဆင် ခြင်းသင်တန်း၊ အမျိုးသမီး ဆံပင်အလှပြင် သင်တန်း၊ အမျိုးသား ဆံပင်ညှပ်သင်တန်း၊ Motorbike Repair သင်တန်း၊ Dress Making သင်တန်းနှင့် ပန်းရံဆောက်လုပ်ရေး အခြေခံသင်တန်းတို့ကို ဖွင့်လှစ် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ဘားအံမြို့နယ် မုက္ကဒိကျေးရွာနှင့် ကျုံပိုက် ကျေးရွာ မြစ်ကမ်းပါး ထိန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
မုက္ကဒိကျေးရွာ မြစ်ကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်း အရှည်ပေ ၅၄ဝ ကို JICA ၏ ထောက်ပံ့ငွေ ကျပ်သန်း ၂၂ဝ ဖြင့် လည်းကောင်း၊ ကျုံပိုက်ကျေးရွာ မြစ်ကမ်းပါး ထိန်းသိမ်းခြင်းလုပ်ငန်း အရှည်ပေ ၆၉ဝ ကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ် ၄၄၃ ဒသမ ၅ သန်းဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment