Sunday, June 11, 2017

Y-8 လေယာဉ် ရှာဖွေ ကယ်ဆယ်ရေး ဆက်လက် ဆောင်ရွက်



နေပြည်တော် ဇွန် ၁၀
ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်အား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယနေ့အထိ ရုပ်အလောင်း ၃၃ လောင်းအား ဆယ်ယူရရှိခဲ့ပြီး ရုပ်အလောင်း ၁၉ လောင်းအား ရုပ်အမည် အတည်ပြု နိုင်ခဲ့သည်။
ယနေ့အထိ ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းများအနက် အမျိုးအမည် ခွဲခြားနိုင်ပြီး သက်ဆိုင်ရာ မိသားစုများ ရောက်ရှိလာသည့် ရုပ်အလောင်း ၁၉ လောင်းအား ကျန်ရစ်သူ မိသားစုဝင်များ၊ တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများက ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့် အညီ ကောင်းမွန်စွာသင်္ဂြီုလ်ပေးခဲ့သည်။

ယနေ့ဇွန် ၁၀ ရက် နံနက်ပိုင်း၌ ပင်လယ်ပြင် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နေရာတစ်ဝိုက်တွင် ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်း၏ အရှိန်ကြောင့် ရာသီဥတု ပိုမိုဆိုးရွားနေပြီး လှိုင်းအမြင့် ၉ ပေခန့်နှင့် လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ မိုင် ၂၀ အတွင်းရှိနေ၍ ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်ရန် စောင့်ဆိုင်းနေခဲ့ရသည်။ ညနေ ၄ နာရီခန့်တွင် ရာသီဥတု အသင့်အတင့် ကောင်းမွန်လာသဖြင့် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ၊ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်း စက်လှေများဖြင့် ရှာဖွေရေး လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment