Sunday, June 11, 2017

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော် အတွေ့အကြုံများ ရှင်းလင်း ပြောကြား



ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များအား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံပြီး ဥပဒေပြုရေး၊ ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် လွှတ်တော် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးတိုးတက်၍ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှု အဆင့်အတန်း မြင့်မားသည့် နိုင်ငံများသည် ဒီမိုကရေစီစနစ် ကျင့်သုံးသည့် နိုင်ငံများ ဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူနေမှု အဆင့်အတန်း၊ ပညာရေး၊ ကျန်းမာရေး နိမ့်ပါးသည့် နိုင်ငံများကို ကြည့်ပါက အာဏာရှင်နိုင်ငံများ ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံ၊ ပြည်ထောင်စုနိုင်ငံ ဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်နေကြပြီ ဖြစ်ပါကြောင်း။
ဒီမိုကရေစီ အခွင့်အရေးများရမှ တရားဥပဒေ စိုးမိုးမှုရရှိမည် ဖြစ်ပြီး နိုင်ငံသူ နိုင်ငံသား များ၏ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု ရှိမည် ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးမှုရှိမှ တိုင်းပြည် တည်ငြိမ် အေးချမ်းမည် ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရရှိမည် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး (၃)ရပ်သည် တည်ဆဲ ဥပဒေများနှင့် အညီ ဆောင်ရွက် ရပါကြောင်း၊ မဏ္ဍိုင်(၃)ခုသည် တစ်ခုနှင့် တစ်ခု လွှမ်းမိုးခြင်း၊ ဝင်ရောက် စွက်ဖက်ခြင်းမျိုး ပြုလုပ်၍ မရပါကြောင်း၊ အပြန်အလှန်သာ ထိန်းကျောင်း နိုင်ပါကြောင်း။
ကိုယ်စားလှယ်များ အနေဖြင့် မေးမြန်းသည့် မေးခွန်းနှင့် တင်သွင်းသည့် အဆိုများသည် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့် မေးခွန်း၊ အဆိုတို့နှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို လိုက်နာကြရန် လိုကြောင်း၊
ဥပဒေ ပြဋ္ဌာန်းရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အကျိုးရှိသည့် ဥပဒေ ဖြစ်ရန် လိုကြောင်း၊ ပြည်သူလူထု၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ်ခြင်း၊ ခေတ်ကာလ အခြေအနေတို့နှင့် လိုက်လျောညီထွေမှု မရှိသည့် ဥပဒေများကို ပြင်ဆင် ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရန် လိုကြောင်း၊ ထို့ပြင် ပြည်သူများ လေးစား လိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူး လိုအပ်ပါကြောင်း။
ဒီမိုကရေစီနိုင်ငံ တ်ဆောက်မည် ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပြန်အလှန် နားလည်မှု ရှိခြင်း၊ အပြန်အလှန် ယုံကြည်မှု ရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထု အတွက်၊ အနာဂတ် မျိုးဆက်များ အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ ပြယုဂ်သည် လွှတ်တော်များ ဖြစ်သည့်အတွက် လွှတ်တော် လုပ်ငန်းစဉ်များ ခိုင်မာ အားကောင်းစွာ လည်ပတ်နိုင်ရန် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက အစဉ်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရာတွင် လက်ရှိ အခြေအနေထက် ပိုမို ကောင်းမွန်သည့် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိရန် ကိုယ်စားလှယ်များ အချင်းချင်း ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း။
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ Check and Balance ပြုလုပ်သည့် နေရာတွင် ကန့်သတ်ချက် ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက် စွက်ဖက်ခြင်းမျိုး မဖြစ်ရအောင် အထူးသတိပြုရန် လိုကြောင်း၊ လွတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြုရေး သမားများဖြစ်ပြီး ဥပဒေပြုသူသည် ဥပဒေ ချိုးဖောက်သူ မဖြစ်ရန် အထူး သတိပြုစေလိုကြောင်း၊ မိမိတို့ မဲဆန္ဒနယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခွင့် ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် လွှတ်တော် ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လွှတ်တော်အတွင်း ဆောင်ရွက်ချက်များကို ဆွေးနွေး တင်ပြကြပြီး လွှတ်တော် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ရှမ်းပြည်နယ် လွှတ်တော် အဆောက်အဦ တည်ဆောက်ရေး စီမံကိန်းသို့ ရောက်ရှိရာ စီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် က ပြည်နယ်လွှတ်တော် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ရှမ်းပြည်နယ် လွှတ်တော် အဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းကို လှည့်လည် ကြည့်ရှုသည်။
(သတင်းစဉ်)

No comments:

Post a Comment