Tuesday, June 27, 2017

တပ်မတော်စစ်ကြောင်းများက TNLA လက်နက်ကိုင်အဖွဲ့များ၏ လေ့ကျင့်ရေး ပြုလုပ်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများ သိမ်းပိုက်ရရှိ


နေပြည်တော် ဇွန် ၂၇
 
ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီး တစ်ဝိုက် တောတွင်း တစ်နေရာ၌ TNLA လက်နက်ကိုင် အဖွဲ့က သင်တန်းများ ဖွင့်လှစ်သင်ကြားနေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက ၎င်းနေရာ တစ်ဝိုက်အား ဇွန် ၂၀ ရက်မှ စတင်၍ နယ်မြေရှင်းလင်းခဲ့ရာ ဇွန် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် မန်လန်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်၌ လေ့ကျင့်ရေးပြုလုပ်သည့် စခန်းပုန်းတစ်ခုကို တွေ့ရှိ ရှင်းလင်းခဲ့ကြောင်း သိရသည်။
 

အဆိုပါ စခန်းပုန်းနေရာ၌ အခြခံ အဆောက်အဦများဖြစ်သည့် ပေ ၄၀ ပတ်လည် ခန့်ရှိ တန်းစီကွင်း၊ သင်တန်းခန်းမဆောင် ၁ ဆောင်၊ ၎င်းခန်းမဆောင် အတွင်းမှ ၃ ဦးထိုင် ခုံတန်းရှည် ၁၂ လုံး၊ အိပ်ဆောင် ၃ လုံး၊ ထမင်းချက်ဆောင် ၁ လုံးနှင့် ထမင်း စားဆောင် ၁ လုံး စုစုပေါင်း အဆောက်အဦ ၆ လုံးနှင့် မီးစက် ၁ လုံး၊ ဒီတိုနေတာ ၁၂ ချောင်း၊ ပေ ၁၀၀ ခန့်ရှိ ၀ါယာကြိုးခွေ ၁ ခွေ၊ TNLA ဘက်တံဆိပ်ပါ ၀တ်စုံ ၄၀၊ အစိမ်းရောင်စောင် အထည် ၂၀၊ ဂလူးကို့စ် အားသွင်းဆေးရည် အလုံး ၅၀၊ ဆေးမျိုးစုံ ဆာလာအိတ် ၂ အိတ်နှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာ များကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံရှင်းလင်းစဉ် စခန်းဝန်းကျင် တစ်ဝိုက်နှင့် အဆောက် အဦများ အကြားမှ ၄ လက်မ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရတိုက်မိုင်း ၅ လုံး၊ ၈ လက်မ သံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ တိုက်မိုင်း ၁ လုံးနှင့် ၅ ဂါလံဝင် ပလပ်စတစ်ပုံးဖြင့် ပြုလုပ်ထားသည့် ဒေသန္တရလက် လုပ်မိုင်း ၄ လုံးတို့ကို တွေ့ရှိ သဖြင့် သက်မဲ့ပြုလုပ်၍ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းစခန်းပုန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် လျှိုစောင်းခြုံအတွင်းမှ ဒေသန္တရလက်လုပ်မိုင်း ၁၃ လုံးနှင့် အလျား ၄ လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ လေးထောင့်သံပုံးဖြင့် ပြုလုပ်ထား သည့် ဒေသန္တရ လက်လုပ်မိုင်း ၄ လုံးတို့ကို ရှာဖွေရှင်းလင်းနိုင်ခဲ့ပြီး ဇွန် ၂၆ ရက် အထိ ထိတွေ့မှု ၅ ကြိမ် ပြင်းထန်စွာ တိုက်ပွဲဖြစ် ပွားပြီးနောက် TNLA လက်နက်ကိုင် အဖွဲ့များသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေး လှူခဲ့ကာ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၄ လောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လက် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် ၁ လက်၊ RPG ဒုံးသီး ၂၆ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁၄ ခု၊ ၎င်းကျည် ၈၀၀ တောင့်၊ စနိုက်ပါ ကျည်အိမ် ၃ ခု၊ စာရွက်စာတမ်း မျိုးစုံ ဆာလာအိတ် ၂ ထုပ်နှင့် စစ်ဝတ်ပစ္စည်းမျိုးစုံ ဆာလာအိတ် ၁ ထုပ်တို့ကို  သိမ်းဆည်းရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment