Tuesday, June 27, 2017


နေပြည်တော် ဇွန် ၂၇  
 
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန တို့ကို ဗဟိုအဆင့် ပြန်လည်ပူးပေါင်း ရေးအကြံပေးအဖွဲ့ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာန အတွက် အဓိကကျသော ဦးစီးဌာနကြီးနှစ်ခု ပြန်လည် ပေါင်းစည်း ခြင်းအားဖြင့် ဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ပိုမိုအားကောင်း၊ တောင့်တင်းခိုင်မာ၊ စည်းလုံး ကျစ်လစ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ဝန်ထမ်းများ၏ အကျိုးကို ရှေ့ရှု့ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ဗဟိုအဆင့် ပြန်လည်ပူးပေါင်းရေး အကြံပေး အဖွဲ့သည် အတွေ့အကြုံများစွာ ရှိသူများဖြင့် ဖွဲ့စည်းထား ပါကြောင်း၊ ထွက်ပေါ်လာသော ဆွေးနွေးချက်ရလဒ်များကို ဦးစားပေး အလိုက် အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရှုထောင့်ပေါင်းစုံမှ သုံးသပ်၍ အားလုံးဝိုင်ဝန်း ဆွေးနွေးကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။  

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် Hotel Max ၌ ကျင်းပသည့် မိသားစု စီမံကိန်းအတွက် အရေပြားအောက်သို့ ထိုးနိုင်သည့် သန္ဓေတားဆေး မိတ်ဆက်ခြင်း အခမ်းအနား သို့ တက်ရောက် အမှာစကား ပြောကြားသည်။ 

ပြည်ထောင်စုဝန်ကြီးက ယခုမိတ်ဆက်သည့် အရေပြားအောက်သို့ ထိုးနိုင်သည့်သန္ဓေတားဆေး သည် ကျေးလက်ဒေသနေပြည်သူ များပါ အလွယ်တကူသုံးစွဲနိုင် မည်ဖြစ်သည့် အပြင် မလိုလား အပ်သော ကိုယ်ဝန်ဆောင်ရမှုများ၊ သွေးအဆိပ်တက် ကိုယ်ဝန် ပျက်ကျမှုများ၊ မိခင်သေဆုံးမှုများ လျော့နည်းကျဆင်း စေရန်အတွက် အထောက်အကူ ပြုနိုင်မည် ဖြစ်ပါကြောင်း၊

အသုံးပြုပုံ နည်းစနစ်မှန်ကန်မှု၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် ခံစားရနိုင်မှု စသည့်အချက် များကို လုပ်ငန်း ဆောင်ရွက်မှုနှင့်အတူ သုတေသနလုပ်ငန်းကိုပါ တပါတည်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့အား မိသားစု စီမံကိန်းများ အတွက် ယခုကဲ့သို့ လွယ်ကူထိရောက်စွာ အထောက်အကူ ပြုနိုင်မည့် သန္ဓေတားဆေးဝါးကို မိတ်ဆက်ပေး သည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့၊ ဌာနေကိုယ်စားလှယ် Ms. Janet E.Jack က အမှာစကား ပြောကြားသည်။ 

ထို့နောက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး) ဒေါက်တာ လှမြသွေးဣန္ဒာက  မိသားစု စီမံကိန်းအတွက် အရေပြားအောက်ထိုးနှံ သည့် သန္ဓေတားဆေး မိတ်ဆက်ရခြင်း အကြောင်းကို လည်းကောင်း၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ ဒေါက်တာ လှိုင်ထိပ်ထားခင်က  မိသားစု စီမံကိန်း (၂၀၂၀)အတွက် အရေပြား အောက်ထိုးနိုင် သည့် သန္ဓေတားဆေး အား ဆက်နွယ်အသုံးပြုခြင်း ဆိုင်ရာများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ တက်ရောက်လာ ကြသူများက သိရှိလိုသည်များ မေးမြန်းကြပြီး တာဝန် ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် သြစတြေးလျနိုင်ငံမှ ပါလီမန်အမတ် Mrs.Nola Marino (Member for Forrest, Western Australia) နှင့် အဖွဲ့အား  ဝန်ကြီးရုံး ဧည့်ခန်းမတွင် တွေ့ဆုံသည်။ 

 တွေ့ဆုံစဉ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင် စေရန်အတွက် သြစတြေးလျ နိုင်ငံမှ ပံ့ပိုးပေးနိုင် မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ၂၀၃၀ခုနှစ်တွင် ငှက်ဖျားရောဂါ ကင်းစင်နိုင်ရေးအတွက် Asia Pacific Leaders Malaria Alliance (APLMA) မှ ပံ့ပိုးဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment