Tuesday, June 27, 2017


နေပြည်တော် ဇွန် ၂၇
 
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည့် ကူဘိုတာ ကုမ္ပဏီ၏ ကျောင်းသားကျောင်းသူများအတွက် ပညာရေး အသုံးအဆောင်ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာ စကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသားကျောင်းသူပေါင်း ၉ ဒသမ ၅ သန်းခန့်ရှိရာ ကလေးတိုင်း ကောင်းစွာ သင်ယူနိုင်ရေးသည် အဓိကဦးစားပေး လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေး ကောင်းမွန်ရန် ဆရာ၊ ဆရာများ၏ အရည်အသွေး တိုးတက်ရေးသည်လည်း အဓိက ကျပါကြောင်း၊ (၂)နှစ်သင် ပညာရေး ကောလိပ်မှ (၄)နှစ်သင် ပညာရေး ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲနေပြီး နှစ်စဉ် ဆရာ၊ ဆရာမ မွမ်းမံ သင်တန်းကိုလည်း ပြုလုပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ကြားရေးအတွက် ICT နည်းပညာများ၊ သင်ထောက်ကူ ပစ္စည်းများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကူဘိုတာမှ ပေးအပ် လှူဒါန်းသော ပညာရေးအသုံးအဆောင် ပစ္စည်းများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းရှိ မျက်မမြင် နားမကြား ကျောင်းများနှင့် ပြည်နယ်၊ တိုင်းဒေသကြီး များသို့ ဖြန့်ဝေ ပေးပို့သွားမှာဖြစ်ကြောင်း၊ ယခုလို ပေးအပ်လှူဒါန်းသော ကူဘိုတာ ကုမ္ပဏီအား ပညာရေး ဝန်ကြီးဌာန အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Vice-President Sale & Service HQ, GM of SIAM Kubota Corporation Co,Ltd မှ Mr. Somboon Chintanaphol နှင့် Kubota Myanmar Co, Ltd ၏ Managing Director Mr. Toyokaza Murata တို့မှ အမှာစကား ပြောကြား သည်။

ထို့နောက် ကူဘူတာကုမ္ပဏီမှ ကလေးများအတွက် လွယ်အိတ်နှင့် စာရေးကိရိယာများ လှူဒါန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် အခြေခံ ပညာရေးဦးစီး ဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးတို့က လက်ခံရယူကြ သည်။

KUBOTA Myanmar Co, Ltd. နှင့် SIAM KUBOTA Corporation Co, Ltd. တို့ ပူးပေါင်းကာ တတိယအကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ပြီး ကျောင်းနေ အရွယ်ကလေးများ အတွက် လွယ်အိတ်နှင့် စာရေး ကိရိယာများ အစုံရေ (၁၅၀၀၀) စုစုပေါင်း တန်ဖိုးငွေ သိန်း ၉၀၀ ခန့် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)

No comments:

Post a Comment