Wednesday, June 21, 2017

မူးယစ်ဆေးဝါး အန္တရာယ်တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြော



ကျောက်တလုံးကြီး      ဇွန်    ၂၁
မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ ဘက်ပေါင်းစုံမှ တိုက်ဖျက်ချေမှုန်းရေးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘိန်းစိုက်ပျိုးမှု လုံးဝ ပပျောက်ရေးဟူသည့် မဟာဗျူဟာ(၂)ရပ်ဖြင့် ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် နိုင်ငံတစ်ဝှမ်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပပြုလုပ်လျက်ရှိရာ ဇွန်လ ၂၁ ရက် နံနက် (၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း (​ကျောက်တလုံးကြီး)တွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးနှိမ်နင်းရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေုးဦးစွာ ကျောက်တလုံးကြီးမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း အဖွင့်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးသည် ဆေးလိပ်ကစတင်ပြီး နောက်တဆင့် ဆေးခြောက်၊ ဘိန်းဖြူ၊ ဘိန်းမဲ စသည်အထိ သုံးစွဲတတ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများနှင့် ဆေးလိပ်သည် အနီးစပ်ဆုံးဖြစ်၍ ဆေးလိပ်မသောက်ကြရန်လိုကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မစမ်းသပ်ကြရန်နှင့် တတ်နိုင်သ၍ ကြိုးစားရှောင်ကြစေလိုကြောင်း၊ မူးယစ်ဆေးဝါးကိစ္စသည် ကျောင်းသား/ ကျောင်းသူများအတွက် အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးသည် လူနှင့်အာရုံကြော ထိခိုက်စေနိုင်ပြီး၊ မူးယစ်ဆေးဝါး မသုံးစွဲဘဲ မနေနိုင်ဖြစ်ကာ စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဖြစ်ခြင်းကြောင့် ရှောင်ရှားသင့်ကြောင်း၊ မူးယစ်ဆေးဝါးကို မြန်မာတွင် သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် တိုက်ဖျက်နေကြကြောင်း၊ မူးယစ်ဆေးဝါးကို သုံးစွဲ၊ စားသုံး၊ ရောင်းဝယ်၊ စိုက်ပျိုးမိလျှင် အန္တရာယ်ရှိကြောင်း၊ ဘိန်းစိုက်သည့် အချိန်တွင်လည်း ဖျက်ဆီးရေးများ ပြုလုပ်ဆောင်ရွက်ပြီး ထုတ်လုပ်သည့်အချိန်တွင်လည်း ဖမ်းဆီးရေးများ ပြုလုပ်ကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဘိန်းကို ၁၉၉၉ ခုနှစ်မှ စတင်၍ ယနေ့ထိတိုင် သိသိသာသာ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် တိုက်ဖျက်နေကြောင်း၊ ဖျက်ဆီးသည့်အချိန်တွင်လည်း ဌာနဆိုင်ရာများ စုပေါင်း၍ ဝိုင်းဝန်းနှိမ်နင်းနေကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(ကျောက်တလုံးကြီး)မှ ကျောင်းအုပ်ဆရာကြီး ဦးစိုးတင့်လွင်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပက်သတ်၍ ရှင်းလင်းပြောကြားပြီး ကျောက်တလုံးကြီးနယ်မြေရဲစခန်းမှ ရဲအုပ်အောင်မျိုးလွင်က မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ အကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးမှူး ဦးကြီးဒဲရယ်မှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း ဟောပြောခဲ့ရာတွင် စာအုပ်စာစောင်များ၊ ဓါတ်ပုံများ၊ နံရံကပ်စာစောင်များခင်းကျင်းပြခြင်းနှင့် ပတ်သတ်၍ ကျောင်းသူ/ကျောင်းသားများ၊ မိဘပြည်သူများသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ မိမိတို့နိုင်ငံတွင်လည်း ဒေသအသီးသီးတွင် မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖက်ရေးဆိုင်ရာ အခမ်းအနားများ ကျင်းပခြင်း၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ နယ်လှည့်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်များ၊ ဓါတ်ပုံများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် လူငယ်အလွှာ အသီးသီးတွင် စိမ့်ဝင်ပြန့်နှံ့လျက်ရှိရာ နိုင်ငံတော်အတွက် အားထားရသည့် လူငယ်များ၊ သားကောင်း ရတနာများအတွင်း စိမ့်ဝင်ပျံနှံ့မှု မရှိစေရေးအတွက် ယခုကဲ့သို့ လာရောက်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲ၊ ဓါတ်ပုံများ၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
ခွန်အာကာ(ကျောက်တလုံးကြီး)

No comments:

Post a Comment